Wednesday, January 13, 2016

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု လီယိုနယ်မက်ဆီ ငါးကြိမ်မြောက်ဆွတ်ခူး


 မြင့်မောင်စိုး-ရေးသည်

ဇူးရစ် ဇန်နဝါရီ ၁၂

အာဂျင်တီးနားဘောလုံးစတား လီယိုနယ်မက်ဆီသည် ဖီဖာ၏ ၂ဝ၁၅ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ပဉ္စမအကြိမ်အဖြစ် ဆွတ်ခူးနိုင် ခဲ့သည်။
အဆိုပါ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုပေးပွဲကို ဇူးရစ်မြို့ ကွန်ဂရက်ဟောလ်၌ ကျင်းပခဲ့ရာ ပြီးခဲ့သည့်နှစ်တွင် ဖီဖာအဖွဲ့အတွင်း၌ ဖီဖာဥက္ကဋ္ဌအပါအဝင် တာဝန်ရှိသူအချို့၏ အကျင့်ပျက်ခြစားမှု အရှုပ် တော်ပုံကြောင့် ဘောလုံးပရိသတ်များနှင့် မီဒီယာများကို ဆွဲဆောင်နိုင်ခဲ့သည်။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို နိုင်ငံတကာမီဒီယာ ကိုယ်စားလှယ် များ၊ အသင်းအုပ်ချုပ်သူများနှင့် နိုင်ငံကိုယ်စားပြုအသင်းခေါင်းဆောင် များက ရွေးချယ်ပေးခဲ့ကြခြင်းဖြစ်သည်။

မက်ဆီသည် ပေါ်တူဂီကစားသမား စီရော်နယ်ဒို(၂၇ ဒသမ ၇၆ ရာခိုင်နှုန်း)နှင့် ဘရာဇီးမှ နေမာ(၇ ဒသမ ၈၆ ရာခိုင်နှုန်း)တို့ မဲရရှိမှုထက် မဲပေးသူအားလုံး၏ ၄၁ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
အသက် ၂၈ နှစ်အရွယ်ရှိ တိုက်စစ်မှူး မက်ဆီသည် ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ် ပြက္ခဒိန်နှစ်အတွင်း ပြိုင်ပွဲအားလုံးတွင် ၅၈ ဂိုးအထိ သွင်းယူပေး ခဲ့သည်။ ၄င်းသည် ၂ဝ၁၄-၂ဝ၁၅ ရာသီအတွင်း လာလီဂါဂိုး ၄၃ ဂိုးသွင်း ယူပြီး အခြားကစားသမားများ ဂိုးသွင်းနိုင်အောင် ၂၁ ကြိမ် ဂိုးပေါက် ဖန်တီးပေးနိုင်ခဲ့သည်။ နံပါတ် ၁ဝ ဂျာစီအင်္ကျီဝတ် တိုက်စစ်မှူး မက်ဆီ သည် ၂ဝ၁၅ ခုနှစ်အတွင်း ဘာစီလိုနာအသင်းနှင့်အတူ လာလီဂါ၊ ကိုပါ ဒယ်ရေး၊ ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေစူပါဖလားနှင့် ဖီဖာ ကမ္ဘာ့ကလပ် ဖလားတို့ကို ဆွတ်ခူးပေးနိုင်ခဲ့သည်။

ထိုအတောအတွင်း ဘာစီလိုနာနည်းပြ လူးဝစ်အန်းနရစ်ကိုဖီဖာ၏အကောင်းဆုံး အမျိုးသားနည်းပြ ဆုချီးမြှင့်ခဲ့သည်။ အမျိုးသမီးဘောလုံးတွင် ၂ဝ၁၅ ခုနှစ် ကမ္ဘာ့ချန်ပီယံအမေရိကန်အသင်းကို အဓိက ဆုနှစ်ဆု ချီးမြှင့် ခဲ့သည်။ အမေရိကန် ကွင်းလယ်ကစားသမား ကာလီလွိုက်ကို ပထမဆုံး သော ဖီဖာ၏ အကောင်းဆုံးအမျိုးသမီးဘောလုံးသမားဆုနှင့် နည်းပြ ဂျီးလ်အီးလစ်ကို အမျိုးသမီးအကောင်းဆုံးနည်းပြဆု ချီးမြှင့်ခဲ့သည်။

တိုက်စစ်မှူး မက်ဆီသည် အဆိုပါ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဆုကို ၂ဝဝ၉၊ ၂ဝ၁ဝ၊ ၂ဝ၁၁ နှင့် ၂ဝ၁၂ နှစ်တို့တွင်လည်း ဆွတ်ခူးနိုင် ခဲ့သည်။

No comments:

Post a Comment