Wednesday, January 13, 2016

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပထမနေ့ကျင်းပ


 နေပြည်တော် ဇန်နဝါရီ ၁၂


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပထမနေ့ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန အမှတ်(၂)၌ ယနေ့မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပရာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူးများအဖွဲ့ဝင် ရဲဘော်မျိုးဝင်းက အစုအဖွဲ့များမှ ရွေးချယ်တင်မြှောက်ထားသော ညီလာခံသဘာပတိ ၄၅ ဦးကို ဖတ်ကြားတင်သွင်းပြီး ညီလာခံကိုယ်စားလှယ်များ၏ ဆန္ဒကို ရယူအတည်ပြုသည်။ထို့နောက် ညီလာခံပထမနေ့ အကျိုးဆောင်သဘာပတိများအဖြစ် အစိုးရကိုယ်စားလှယ်များအစုအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ လွှတ်တော်များမှကိုယ်စားလှယ်များအစုအဖွဲ့မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့မှ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များအစုအဖွဲ့မှ ပဒိုစောကွယ်ထူးဝင်းနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဦးစိုင်းအိုက်ပေါင်းတို့က ဆောင်ရွက်ကြသည်။

ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအတွင်းရေးမှူးများအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ ဗိုလ်ချုပ်စိုးနိုင်ဦးနှင့် ဦးခက်ထိန်နန်တို့က ညီလာခံကျင်းပမည့်ပုံစံ၊ ညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာများနှင့် အစီအစဉ်များ ရှင်းလင်းတင်ပြခြင်း၊ ညီလာခံစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းတင်ပြခြင်းနှင့် အကြောင်းအရာ အလိုက် ဆွေးနွေးရန်အတွက် အကျိုးဆောင်များ သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

ထို့နောက် အစုအဖွဲ့ခုနစ်ဖွဲ့မှ ကိုယ်စားလှယ်များက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၌ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ မူဝါဒကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ပါဝင် ဆွေးနွေးကြမည့်သူများနှင့် အဓိကထားဆွေးနွေး ရမည့် အကြောင်းအရာများကို သီးခြားသတ်မှတ်ထားသော အခန်းများ၌ နှီးနှောတိုင်ပင်ဆွေးနွေးကြသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အစုအဖွဲ့အလိုက် ဆွေးနွေးပွဲများကို ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန အမှတ်(၂)၌ ဆက်လက်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment