Monday, January 11, 2016

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


မော်တော်ကားထုတ်လုပ်သည့် နိုင်ငံဖြစ်ရေးကြိုးပမ်း

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း စက်မှုဇုန် များ ထူထောင်နိုင်ခဲ့သော်လည်း မော်တော်ကားထုတ်လုပ်ရေး လုပ်ငန်းမှာ နည်းပညာနှင့် အရင်းအနှီးလိုအပ်ချက်များရှိနေခဲ့၍ တပ်ဆင်ထုတ်လုပ်မှုအဆင့်ကိုပင် အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ခြင်းမရှိဘဲ အဆုံးသတ်ခဲ့ရသည်။ ပြည်ပမှတင်သွင်း လာသော တစ်ပတ်ရစ်ကားများသည် စက်မှုဇုန်ထုတ်ကားများထက် အဆပေါင်းများစွာဈေးသက်သာပြီး အရည်အသွေးမှာလည်း ကောင်းမွန်သည်ကို တွေ့နိုင်သည်။ လက်ရှိအချိန်တွင် မော်တော် ယာဉ်တင်သွင်းမှုမူဝါဒနှင့် ဒေါ်လာဈေးမြင့်တက်ခဲ့၍ သာမန် ကားဈေးမှာ ငွေကျပ်သိန်း ၁ဝဝအထက် ရောက်ရှိသွား ခဲ့ရပါသည်။
ယခုအခါ ဖွံ့ဖြိုးဆဲနိုင်ငံအများစုက ချမ်းသာသောနိုင်ငံများမှ ကားတင်သွင်း၍အသုံးပြုခြင်းထက် မိမိတို့နိုင်ငံတွင်ကားထုတ်လုပ်နိုင်အောင် ပြည်ပအကူအညီများရယူကာ ကြိုးပမ်းအားထုတ် နေကြပြီဖြစ်ပါသည်။ မိမိတို့ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယနှင့်ထိုင်းနိုင်ငံတို့၌ မော်တော်ယာဉ်နှင့် မော် တော်ဆိုင်ကယ် ထုတ်လုပ်မှုမှာ အောင်မြင်တိုးတက်လျက်ရှိသည် ကို တွေ့ရမည်ဖြစ်ပါသည်။ မိမိတို့နိုင်ငံအနေဖြင့်လည်း အတတ် ပညာနှင့်အရင်းအနှီးများကို ဖိတ်ခေါ်၍ မော်တော်ကားထုတ်လုပ် သည့် နိုင်ငံဖြစ်အောင် ကြိုးပမ်းအားထုတ်သင့်ပေသည်။ ကား တင်သွင်းသည့် အခွန်အတုတ်များအပေါ် မှီခိုနေခြင်းထက် ကားထုတ်လုပ်သည့်နိုင်ငံဖြစ်အောင် ကြိုးပမ်းခြင်းဖြင့် ပြည်သူ အများ ဈေးနှုန်းသက်သာစွာ ကားဝယ်စီးလာနိုင်ပြီး တယ်လီဖုန်း ကဲ့သို့ ပြည်သူကို တိုက်ရိုက်အကျိုးပြုလာနိုင်မည် ဖြစ်ပါသည်။ ပြည်သူများ၏ လူနေမှု အဆင့်အတန်းမြင့်မားရေးအတွက် များစွာ အထောက်အကူပြုလာနိုင်မည် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ ထိပ်တန်းကားကုမ္ပဏီ တစ်ခုဖြစ်သော ဆူဇူကီးကားကုမ္ပဏီမှာ စောစီးစွာခြေချနိုင်ခဲ့ သော်လည်း တပ်ဆင်ထုတ်လုပ်မှုအဆင့်သာရှိပြီး သီလဝါ အထူးစီးပွားရေးဇုန်တွင် ကားထုတ်လုပ်သည့် စက်ရုံဖြစ်ရေး ကြိုးပမ်းအားထုတ်နေဆဲဖြစ်ကြောင်း ကြားသိရပါသည်။ တိုယိုတာကုမ္ပဏီသည် လက်ရှိတွင် လှိုင်သာယာ၌ ကားရေဆေး၊ ဆီထိုး၊ စက်ပြင်အဆင့်ရှိစက်ရုံကို ဖွင့်လှစ်ထားကြောင်း သိရ သည်။
ကျွန်ုပ်တို့နိုင်ငံတွင် ယာဉ်အိုယာဉ်ဟောင်းလဲလှယ်ရေး အစီအစဉ်ကို ဆောင်ရွက်နိုင်ခဲ့သော်လည်း ယနေ့အထိတိုင် သက်တမ်းလွန်ယာဉ်များစွာ အသုံးပြုနေသည်ကို တွေ့ရမည် ဖြစ်ပါသည်။ မော်တော်ယာဉ်အချို့မှာ အပြင်ပိုင်းကြည့်ကောင်း အောင် ပြင်ဆင်ထားသော်လည်း အတွင်းပိုင်းအစိတ်အပိုင်းအများ စုမှာ အလွန်အိုဟောင်းပြီး ပြုပြင်အသုံးပြုနေသည်ကို တွေ့နေ ရဆဲဖြစ်ပါသည်။ အရည်အသွေးကျဆင်းပြီး သက်တမ်းလွန်ကား များ များပြားလာသည့်အတွက် ယာဉ်မတော်တဆဖြစ်မှုများ လည်း တိုးပွားလျက်ရှိပါသည်။ အရည်အသွေးကောင်းသော မော်တော်ကားများ ထုတ်လုပ်အသုံးပြုလာနိုင်ခြင်းသည် ကာဗွန် ဒိုင်အောက်ဆိုက် ထုတ်လုပ်မှုနည်း၍ သဘာဝပတ်ဝန်းကျင် လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။ ကားထုတ် လုပ်သည့်နိုင်ငံဖြစ်ရေးကြိုးပမ်းမှုသည် စက်မှုနိုင်ငံဖြစ်ရေးကြိုးပမ်း မှုလည်း ဖြစ်ပါသည်။ သို့ဖြစ်၍ ပြည်သူများ၏ လူနေမှုအဆင့် အတန်းကို မြှင့်တင်နိုင်ရေး၊ ယာဉ်အန္တရာယ်လျော့ပါးရေး၊ ပတ်ဝန်း ကျင်ညစ်ညမ်းမှုကို ကာကွယ်နိုင်ရေးတို့အတွက် ကားထုတ်လုပ် သည့်နိုင်ငံဖြစ်ရေး ဦးတည်ကြိုးပမ်းအားထုတ်သင့်ပါကြောင်း။

No comments:

Post a Comment