ရန်ကုန် ဇန်နဝါရီ ၉
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အဆင့်မြင့် မင်္ဂလာဈေး၌ ယနေ့ နံနက် ၁ နာရီ မိနစ် ၄ဝ ခန့်မှစတင်၍ အချိန် ငါးနာရီကျော်ခန့်ကြာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နံနက် ၇ နာရီ ၁၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
''အချိန်မတော်မှာ မီးလောင်တဲ့အပြင် အသိပေးနောက်ကျမှုကြောင့် မီးလောင်မှုကြီးသွားတာပါ။ အထပ်တွေကသံပြားတွေနဲ့ အလုံပိတ်လုပ်ထားတဲ့အတွက် အပူလွန်ကဲပြီး ကူးစက်လောင်ကျွမ်းတဲ့အနေအထားမျိုးကိုတွေ့ရတယ်။ လက်ရှိကြားသိရတာကတော့ ညပိုင်းမှာတံခါးပျက်နေလို့ ဝရိန်ဆော်တယ်လို့ သိရတယ်။ အဲဒီသတင်းသာ မှန်ခဲ့ရင် ဈေးဌာနရဲ့ခွင့်ပြုချက်ယူပြီး လုပ်သင့်တယ်။ လတ်တလော ဒီသတင်းအရ အပူရှိန်လွန်ကဲပြီးဖြစ်သွားတာလို့ သုံးသပ်ထားပါတယ်။ နောက်ပိုင်းမှာတော့ အဖွဲ့တွေဖွဲ့ပြီး စစ်ဆေး စုံစမ်းဖော်ထုတ်သွားမှာပါ''ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသော်ဒါက ပြောသည်။
မီးလောင်မှုကြောင့် တတိယထပ်ရှိဆိုင်ခန်း ၇၉၁ ခန်း၊ စတုတ္ထထပ်ရှိ ဆိုင်ခန်း ၇၉၉ ခန်းနှင့် အပေါ်ဆုံးထပ်(အမိုး)ရှိ ဆိုင်ခန်း ၄၈ ခန်းအပါအဝင် ဆိုင်ခန်းပေါင်း ၁၆၃၈ ခန့်တို့ မီးလောင်ကျွမ်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ကနဦးသိရသည်။
အဆိုပါ အဆင့်မြင့်မင်္ဂလာဈေးသည် ၂ဝ၁ဝ ခုနှစ် မေ ၂၄ ရက်တွင် မီးတစ်ကြိမ်လောင်ကျွမ်းခဲ့ပြီး နှစ်ရက်ကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရသည်။
''မီးစလောင်တုန်းက မီးခိုးတွေပဲထွက်နေတာတွေ့ရတယ်။ အဆောက် အအုံရဲ့ ဘေးနံရံပွင့်ထွက်သွားပြီးမှ မီးတောက်တွေ ထွက်လာတာ။ အသေးစား ပေါက်ကွဲသံတွေ ဆက်တိုက်ထွက်ပေါ်ပြီး မီးတောက်က ပိုများလာတယ်၊ ဆေးပစ္စည်းရောင်းတဲ့
အထပ်လောင်တဲ့အချိန်မှာတော့ လာကြည့်တဲ့ တချို့ဆိုင်ရှင်တွေဆိုရင် ငိုပြီးမေ့သွားတဲ့သူတွေရှိတယ်'' ဟု အဆိုပါမီးလောင်မှုအနီးရှိ ကိုမြင့်ဦးက ပြောသည်။
''လေးလွှာက ဆေးပစ္စည်းရောင်းတဲ့ဆိုင်တွေဆိုတော့ မီးတော်တော် များတယ်။ မီးကူးလာမှာကြောက်လို့ အိမ်ပေါ်မှာမနေရဲတော့ဘူး။ လိုအပ်တဲ့ ပစ္စည်းတွေလောက်သာယူပြီး အပြင်ထွက်ခဲ့ရတယ်။ တချို့အိမ်တွေဆိုရင် မီးအပူရှိန်လာဟပ်နေလို့ ခေါင်မိုးပေါ်ကိုရေလိုက်ဖျန်းနေကြတယ်။ မီးသတ် ကားတွေတောင် အန္တရာယ်ကင်းအောင် နေရာရွှေ့ပြောင်းနေတာ တွေ့ရ တယ်'' ဟု အဆိုပါဈေးအနီးနေထိုင်သူ ဒေသခံ ဒေါ်မြအေးက ပြောသည်။
''လေးလွှာမှာ ကျွန်တော့်ဆိုင်ရှိတယ်။ ဒီပုံအတိုင်းဆို ဘာမှပြန်မရနိုင် တော့ဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပစ္စည်းတွေဝယ်ဖြည့်ထားတာ။ အရင် တစ်ခေါက်တုန်းကလည်း ကြုံတွေ့ခဲ့ရပြီးပါပြီ။ ဒီအတိုင်းဆို ဘာဆက်လုပ် ရမှန်းတောင် မသိတော့ပါဘူး''ဟု အဆိုပါဈေးလေးလွှာတွင် ဆေးဆိုင်ဖွင့်လှစ် ရောင်းချနေသူ ကိုစိုးဝင်းက မီးတောက်မီးလျှံများကို ငေးကြည့်ရင်းဆိုသည်။
ယင်းမီးလောင်မှုမှာ ဈေး၏တတိယအလွှာမှ စတင်လောင်ကျွမ်းခဲ့ပြီး လေးလွှာနှင့် အပေါ်ဆုံးထပ်(ခေါင်မိုး)တို့အထိ ကူးစက်၍ ထိုအထပ်များ အတွင်းရှိ ဆိုင်ခန်းများ မီးလောင်ကျွမ်းခဲ့သည်။
အဆိုပါ မီးလောင်မှုကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၅၉ဝ၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၂၁၆ ဦး၊ ကြက်ခြေနီ ၁၅၃ ဦး၊ တပ်မတော်သား ၁၈ဝ၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင် ၃၅ဝ တို့က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးငြှိမ်း သတ်ယာဉ် ၅၅ စီး၊ အမြင့်တက်လှေကားတင်မီးသတ်ယာဉ် လေးစီး၊ Water Tower နှစ်စီး၊ မြို့တော်စည်ပင်နှင့် မြန်မာ့သစ်လုပ်ငန်းလူမှုရေးအသင်းအဖွဲ့များမှ ရေသယ်ယာဉ် ၂၇ စီး၊ မိတ်ဖက်ယာဉ် ခြောက်စီး၊ အထောက် အကူပြုယာဉ် ခုနစ်စီး၊ ကွပ်ကဲမှုယာဉ် ၁၁ စီး၊ ကြက်ခြေနီတပ်ဖွဲ့သုံးယာဉ် ၁၉ စီးတို့အပြင် ပဲခူးတိုင်းဒေသကြီးမှ မီးသတ်ယာဉ်သုံးစီးတို့ဖြင့် ငြှိမ်းသတ် ခဲ့ရာ နံနက် ၇ နာရီ ၁၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျ ရှင်းလင်းဆောင်ရွက်ပေးခဲ့ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ Level 5 ယာဉ် အုပ်စုဖြင့် လောင်စာများအား ခွဲထုတ်ငြှိမ်းသတ်သည့်စနစ်ကို အသုံးပြုကာ မီးငြှိမ်းသတ်ရေးလုပ်ငန်းစဉ်များကို စနစ်တကျဖြင့် ထိထိရောက်ရောက် ဆောင်ရွက် နိုင်ခဲ့ပြီး မီးလောင်မှုဖြစ်စဉ်အသေးစိတ်ကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
''မီးစလောင်တဲ့အချိန် အပေါ်မှာလူတွေမရှိဘူးလို့တော့ သိရတယ်။ ကျွန်တော်တို့အနေနဲ့ လူနာတွေကိုရှာဖွေတယ်။ ရှေ့မှာမီးငြှိမ်းသတ်နေတဲ့ မီးသတ်တပ်ဖွဲ့တွေကိုလည်း ဆေးအဖွဲ့အကူအညီနဲ့ စောင့်ကြည့်ပေး ခဲ့ပါတယ်။ အဆောက်အအုံအပေါ်မှာ တစ်ဖွဲ့ရှိသလို အောက်မှာလည်း ဆေးတပ်ဖွဲ့တွေ အဆင်သင့်စောင့်ကြပ်ဆောင်ရွက်ခဲ့ပါတယ်။ လောလောဆယ် လူနာသုံးဦးကို ကူညီဆောင်ရွက်ပေးခဲ့ပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့ မော်တော်ယာဉ် ဒု-တပ်ခွဲမှူး ဦးကျော်မင်းဦးက ပြောသည်။
''မီးလောင်တယ်ကြားလို့ ညထဲက လာခဲ့တာပါ၊ နှစ်လွှာမှာ ကျွန်မတို့ ဆိုင်ခန်းနှစ်ခန်းရှိတယ်။ မီးလောင်တဲ့အထဲတော့မပါဘူးလို့ကြားတယ်။ အဆောက်အအုံထဲကိုတော့ ဝင်ခွင့်မပေးသေးဘူး။ ဒီတစ်ခေါက် မီးလောင်တာ ဆိုင်ခန်းတော်တော်များတယ်။ ပိုင်ရှင်တွေအတွက် စိတ်မကောင်းပါဘူး။ အရင်တစ်ခေါက် မီးလောင်တုန်းကတော့ ကျွန်မဆိုင်ခန်း မီးလောင်တဲ့ အထဲပါသွားတယ်''ဟု နှစ်လွှာတွင် နာရီဆိုင်ဖွင့်လှစ်ထားသူ ဒေါ်သီတာက ပြောသည်။
အဆိုပါဈေးရှိ သုံးလွှာ၊ လေးလွှာနှင့် အပေါ်ဆုံးထပ်တို့တွင် မီးလောင် ကျွမ်းမှုကြောင့် မီးငြှိမ်းသတ်နေသည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သတိလစ်ပြီး စည်ပင်ဝန်ထမ်းတစ်ဦးနှင့် ပြည်သူတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လတ်တလောအခြေအနေအရ ယနေ့ညနေပိုင်းအထိ မီးသတ်တပ်ဖွဲ့ ဝင်များက ဈေးအဆောက်အအုံအတွင်း ဝင်ရောက်၍ အပြီးသတ်မီးငြှိမ်းသတ် ဆောင်ရွက်နေသည့်အပြင် ကြက်ခြေနီတပ်ဖွဲ့ဝင်များကလည်း ဆေးခန်းများ ဖွင့်လှစ်၍ ကျန်းမာရေးကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အင်အား ၁၆ဝ ဖြင့် လုံခြုံရေး ဆောင်ရွက်လျက်ရှိသည်။
ထိုမီးလောင်မှုကို မီးသတ်ကားစေလွှတ်မှုအဆင့်(၅)အထိသတ်မှတ် ခဲ့ရပြီး မီးလောင်ကျွမ်းမှုကြောင့် ခန့်မှန်းဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၃၆ဝဝဝ ကျော်ရှိကြောင်း သိရှိရပြီး သက်ဆိုင်ရာမှ သီးခြားအဖွဲ့များဖွဲ့၍ စုံစမ်းစစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။
အထူးသတင်းနှင့် ဓါတ်ပုံ - ဇော်ကြီး (ပဏီတ)
No comments:
Post a Comment