Wednesday, January 13, 2016

မြန်မာ့ဇာတ်သဘင်မင်းသမီးကြီး မြစန်းကြည်(ခေါ်)မြို့တော်မူမူ အသက်(၁)နှစ်ပြည့်သည်အထိ ကျန်းမာလျက်ရှိ


The Mirror Daily's photo.
မြင်းမူ ဇန်နဝါရီ ၁၂
တစ်ချိန်က မြန်မာ့ဇာတ်သဘင် လောကတွင် ထင်ရှားနာမည်ကြီးခဲ့သော ဇာတ်သဘင်များဖြစ်သည့် မြို့တော်မြစိန်၊ မြို့တော်သိန်းအောင်၊ ရွှေမန်းတင်မောင် ဇာတ်သဘင်တို့သည် ခေတ်ဟောင်းနာမည်ရ ဇာတ်သဘင်များဖြစ်ခဲ့သည်။ ဤဇာတ်သဘင်များတွင် မြစန်းကြည်ဟူ၍ လည်းကောင်း၊ မြို့တော်မူမူအမည်ဖြင့် လည်းကောင်း ထင်ရှားကျော်ကြားခဲ့သော မင်းသမီးကြီးတစ်လက်ပေါ် ထွက်ခဲ့ဖူးသည်။
ထိုမင်းသမီးသည်အသက်(၁၅)နှစ် အရွယ်မှစ၍ မြို့တော်မြစိန်ဇာတ်ထဲတွင် နှစ်ပါးသွားခန်းများ၊ ယိမ်းအကများဖြင့် နာမည်ကြီးပြီး မြို့တော်မြစိန် ကွယ်လွန်သောအခါ ညီဖြစ်သူလူရွှင်တော် သိန်းအောင်၊ ပေါစံတို့က မြို့တော်မြစိန် ဇာတ်သဘင်ကို မြို့တော်သိန်းအောင် အမည်ဖြင့် ဆက်လက်တည်ထောင်ပြီး ပြဇာတ်မင်းသမီးအဖြစ် စတင်ကပြရာမှ မြို့တော်မူမူဟူသောနာမည်တစ်လုံးဖြင့် ကျော်ကြားခဲ့သူဖြစ်သည်။
ရွှေမန်းတင်မောင် ဇာတ်သဘင်တွင်လည်း ရွှေမန်းတင်မောင်နှင့် သားများဖြစ်ကြသည့် ညွန့်ဝင်း၊ ဝင်းဗိုလ်၊ ဝင်းမောင်၊ ဆန်းဝင်း၊ ချမ်းသာတို့နှင့်တွဲဖက်၍ ''ရွဲကုန်သည်'' အော်ပရာ၊ မောင်မှူး ပြဇာတ်တို့တွင် ပါဝင်သရုပ်ဆောင်ကပြရာမှ လူကြိုက်များလာပြီး နောက်ပိုင်းဇာတ်များအထိ ထင်ရှားလာသူဖြစ်သည်။
အသက်အရွယ်ကြီးရင့်လာပြီဖြစ်သောကြောင့် ဇာတ်သဘင်မှ အနားယူပြီး မွေးဖွားရာဇာတိဖြစ်သည့် မြင်းမူမြို့တွင် အခြေချနေထိုင်လျက် ရှိသည်။ နေထိုင်စဉ်မှာပင် နိုင်ငံတော်ကကျင်းပသော ဆို၊ က၊ ရေး၊တီး ပြိုင်ပွဲများတွင် မြို့နယ်၊ ခရိုင်၊ တိုင်း ဒေသကြီး၊ ဗဟိုအဆင့်အထိ အကဲဖြတ် ဒိုင်အဖြစ် ထမ်းဆောင်ပေးခဲ့သည်။
ထို့အပြင် မြို့နယ်အတွင်းရှိ မျိုးဆက်သစ်များအတွက်လည်း အကပညာများကို လက်ဆင့်ကမ်း အမွေပေးလျက်ရှိသည်။ မြို့တော် မူမူ၏အမည်အရင်းမှာ ဒေါ်အိဖြစ်သည်။ ယခုအခါတွင် အသက်မှာ (၈၁)နှစ်ပြည့်ခဲ့ပြီး ဖြစ်သော်လည်း ကျန်းမာလျက်ရှိသည်။ အနုပညာသည် သူ့အတွက်အသက်ရှည်ဆေးဟုလည်း သူကပြောသည်။ ဇာတ်သဘင် နှင့်ပတ်သက်၍လည်း သူ၏အမြင်နှင့် ဆန္ဒတို့ကို ဤသို့ ထုတ်ဖော်ပြောကြား ထားပါသည်။
''အရင်ခေတ်တုန်းက ကိုယ်လုပ် ဆောင်ခဲ့တဲ့ ကာလတွေတုန်းက အနုပညာရှင်တွေက တော်တော်လေး ပြောင်မြောက်ခဲ့တယ်။ ပြသတဲ့နေရာ၊ လုပ်ဆောင်တဲ့နေရာ၊ ပညာပေးပြခဲ့ တာတွေ၊ ပြကွင်းပြကွက်တွေအားလုံး အခုခေတ်မှာလည်းပဲ အဲဒီလိုဖြစ်စေချင်တယ်။
''ကိုယ်လည်း အသက်အရွယ်ကြီးတော့ ဒါလေးတွေကြည့်ပြီးတော့ ဟိုခေတ်တုန်းကလိုပဲ အနုပညာတွေ လိုက်စားဆည်းပူးကျ၊ လေ့လာကျ၊ ပရိသတ်ကိုပြတဲ့ နေရာမှာလည်းပဲ မှတ်လောက်သားလောက်တဲ့ ပညာလေးတွေ၊ ဗဟုသုတလေးတွေ အဲဒါလေးတွေကို ပြသစေချင်တာပေါ့နော်။ ကိုယ့်ရင်ထဲကတော့အဲဒီဟာပဲ ဆန္ဒရှိတယ်။ အခုကစတိတ်ရှိုးကများတယ်။ အဲဒါနဲ့မိုးလင်းတယ်။ နှစ်ပါးသွားနဲ့ ဆိုတော့ အနုပညာကပျောက်နေတယ်။
''ဇာတ်သဘင်လောကကြီးက ဇာတ်ကတယ်၊ ကတယ်သာဆိုတယ် ဘာကြည့်ရမှန်းကိုမသိဘူး။ စတိတ်ရှိုးနဲ့မိုးလင်းတော့ ပညာပေးတာမပါဘူး။ ယဉ်ကျေးမှုလေးတွေ ပြနိုင်မယ်ဆိုရင်တော့ ဇာတ်သဘင်ကပြန်ပြီးတော့ ထူထောင်လာမယ်လို့ ကိုယ့်စိတ်ထဲတော့ ထင်တာပဲ။
''ပရိသတ်က ခေတ်ပရိသတ်ကြိုက်အောင် မှတ်သားစရာပြလို့ရှိရင် ဗဟုသုတရစရာတွေ၊ အနုပညာနဲ့ ပတ်သက်တဲ့ ဆွဲဆောင်မှုလေးတွေ၊ ယဉ်ကျေးမှုလေးတွေ အားလုံး ပြသနိုင်မယ်ဆိုရင် ဇာတ်သဘင် လောကလည်း မပျောက်တော့ဘူး။ အခုဇာတ်သဘင်ကပျောက်နေတယ်။ အငြိမ့်တွေပျောက်နေတယ်။ ဒီဇာတ်လမ်း၊ ဇာတ်ကွက်တွေကလည်း အရသာရှိရှိ၊ ဗဟုသုတဖြစ်လောက်တဲ့ ဇာတ်လမ်းလေးတွေကိုပြမယ်ဆိုရင် ပရိသတ်ကလည်းကြိုက်မှာပါ။ မိုးလင်းပြီးရောဆိုပြီး ဟိုလိုကပြလိုက်၊ ဒီလိုဆိုပြလိုက် ဆိုတာလေးတွေကျတော့ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားမယ်။ စတိတ်ရှိုးကြည့်ချင်ရင် တီဗွီထဲကြည့်လည်းရတာပဲ။ ဇာတ်ခုံ ပေါ်ကြည့်မှမဟုတ်ဘူး။ ဇာတ်ခုံပေါ် ကြည့်တာကမှ နည်းနည်းလိုအပ် လိမ့်ဦးမယ်။ ဟိုမှာအပြည့်အစုံပါပဲ။
''ဇာတ်ဆိုတာ ဇာတ်ကမှ ဇာတ်နဲ့ တူတယ်။ ဇာတ်လိုမကရင် ဇာတ်နဲ့ မတူတော့ အနှစ်သာရလည်း မရှိဘူး။ ကြည့်ရတဲ့လူကလည်း မိုးလင်းလို့သာ ပြန်လာတယ်။ ဟိုလိုပြလိုက်၊ ဒီလိုပြလိုက်၊ လက်ခုပ်ကလေး တီးလိုက်၊ အဲဒီလိုနဲ့မိုးလင်းပြီးတော့ အလကားပါပဲ။ ဇာတ်ပျောက်ကွယ် တာတစ်ခုတော့ ဝမ်းနည်းပါတယ်။ ဇာတ်မပျောက်အောင် ကြိုးစားပြီးတော့ ဇာတ်စာတို့၊ ဇာတ်ထုပ်တို့၊ ဇာတ်လမ်းတို့၊ ဇာတ်ကွက်တို့ဆိုတာ လေးတွေ ပြန်ပြီးတော့ ဖော်စေချင်တယ်။ အဲဒီဆန္ဒပါပဲကွယ်''ဟု မြစန်းကြည်(ခေါ်) မြို့တော် မူမူ(ခေါ်) ဒေါ်အိက ရင်တွင်းစကားများကို ပြောခဲ့ပါသည်။ သူ၏ဆန္ဒဖြစ်သော ဇာတ်သဘင် တစ်ခေတ်ပြန်လည် ဆန်းသစ်ရေးကို မျှော်လင့်တောင့်တ နေသူတစ်ဦးလည်း ဖြစ်ပါသည်။
ဒေါ်အိသည် ယခုအခါတွင် အသက် (၈၁)နှစ်ပြည့်ပြီးဖြစ်သော်လည်း မြင်းမူမြို့ သဇင်လမ်း မင်းရဲကျော်စွာရပ်ရှိနေအိမ်တွင် တစ်ဦးတည်းကျန်းမာစွာဖြင့် နေထိုင်လျက်ရှိကြောင်း သိရသည်။
(၆၂၄)

No comments:

Post a Comment