Wednesday, January 13, 2016

စီရိုနယ်လ်ဒိုနှင့် နေမာတို့အားကျော်ဖြတ်ကာ မက်ဆီ ဘလွန်းဒီအောဆု ငါးကြိမ်မြောက် ဆွတ်ခူး




The Mirror Daily's photo.


ဇန်နဝါရီ ၁၁ ရက် ဇူးရစ်မြို့၌ ပြုလုပ်သော ဘလွန်းဒီအောဆု (ကမ္ဘာ့အကောင်းဆုံးကစားသမား) ချီးမြှင့်ပွဲအခမ်းအနားတွင် အာဂျင်တီးနားနှင့် ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီက စီရိုနယ်လ်ဒိုနှင့် နေမာတို့အား ကျော်ဖြတ်ကာ ၎င်းအတွက် ငါးကြိမ်မြောက် ဆုတံဆိပ်အဖြစ် ဆွတ်ခူးနိုင်ခဲ့သည်။ မက်ဆီက မဲအရေအတွက် ၄၁ ဒသမ ၃၃ ရာခိုင်နှုန်းရရှိခဲ့ပြီး စီရိုနယ်လ်ဒို က ၂၇ ဒသမ ၇၆ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ နေမာက ၇ ဒသမ ၈၆ ရာခိုင်နှုန်းဖြင့် တတိယနေရာရရှိခဲ့ကြသည်။

ဆန်ခါတင်သုံးဦးစာရင်း ထုတ်ပြန်ကြေညာစဉ်ကတည်းက ယခုနှစ် ဘလွန်း ဒီအောဆုကို မက်ဆီသာရရှိမည်ဟု ရေပန်းစားနေပြီး ယခုလည်း ဒုတိယနေရာမှ စီရိုနယ်လ်ဒိုထက် မဲနှစ်ဆနီးပါးအသာဖြင့် ယင်းဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
မက်ဆီက'' ဒီထူးချွန်ဆုကိုရရှိတိုင်း ကျွန်တော်ဟာ ကလေးတစ်ယောက်လို အမြဲပျော်ရွှင်မိတာပါပဲ။ စီရိုနယ်လ်ဒိုနဲ့ ကျွန်တော်တို့ကြားမှာလည်း မနာလို ဖြစ်စရာအကြောင်းမရှိသလို ဘောလုံးကို ချစ်မြတ်နိုးတဲ့သူတိုင်းကလည်း သူ့ကိုနှစ်သက်ကြပါတယ်''ဟု ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြား ခဲ့သည်။

ဘီဘာအိုနှင့် ဘာစီလိုနာတို့ပွဲမှ မက်ဆီ၏ တစ်ကိုယ်တော်အစွမ်းဖြင့် သွင်းယူသောဂိုးမှာ အလှပဆုံးသွင်းဂိုးဆု (ပွတ်စ်ကတ်စ်ဆု)ရရှိရန် ရေပန်းစားခဲ့ သော်လည်း ဂိုယန်နီဇာနှင့် အက်သလက်တီကို ဂိုယန်နီဆီတို့ပွဲမှ ဘရာဇီး တိုက်စစ်မှူး ဝမ်ဒါလီရာ၏ သွင်းဂိုးက အံ့အားသင့်ဖွယ်ရာ ရွေးချယ်ခံခဲ့ရသည်။အကောင်းဆုံးအမျိုးသမီး ကစားသမားဆုကို အမေရိကန် ကစားသမား ကယ်လီလွိုက်ကရရှိခဲ့ပြီး ဒုတိယနေရာကို ဂျပန်မှ အိုင်ယာမာ၊ တတိယဆုကို အားကစားလောကမှ အနားယူသွားခဲ့သူ ဂျာမနီနိုင်ငံသူ ဆီလီယာဆာဆစ်တို့က ရရှိခဲ့ကြသည်။ ယင်းသို့ ရွေးချယ်ခံခဲ့ရသဖြင့် ကယ်လီလွိုက်မှာ ဝမ့်ဘာ့ခ်ျ (၂ဝ၁၂)နှင့် မီယာဟမ်း(၂ဝဝ၁၊ ၂ဝဝ၂)တို့ပြီးနောက် ကမ္ဘာ့အကောင်းဆုံးဆုကို ဆွတ်ခူးနိုင်ခဲ့သည့် တတိယမြောက် အမေရိကန်ကစားသမားဖြစ်လာခဲ့သည်။

အကောင်းဆုံး အမျိုးသားအသင်းနည်းပြဆုကို ဘာစီလိုနာနည်းပြ အန်းနရစ်၊ အကောင်းဆုံးအမျိုးသမီးအသင်းနည်းပြဆုကို အမေရိကန် အမျိုးသမီးအသင်းနည်းပြဖြစ်သူ ဂျေးလ်အီလစ်တို့က သိမ်းပိုက်နိုင်ခဲ့သည်။ ၂ဝ၁၅ ခုနှစ်၏ အကောင်းဆုံးအသင်းကို ရွေးချယ်ခဲ့ရာတွင် ၄-၃-၃ ကစားကွက်ကို အခြေခံ၍ ရွေးချယ်ခဲ့ပြီး ဆန်ခါတင်ဆုစာရင်းတွင် တိုက်စစ်ကစားသမားများသာ ပါဝင်နေသည်ကိုလည်း တွေ့ကြရမည်ဖြစ်သည်။ ယင်းကစားသမားများမှာ-ဂိုး-မန်နျူရယ် နျူအာ(ဘိုင်ယန်မြူးနစ်)၊ နောက်တန်း-ဒန်နီအဲဗက်စ် (ဘာစီလိုနာ)၊ ဆာဂျီယို ရာမို့စ်(ရီးယဲလ်မက်ဒရစ်)၊ သီယာဂို ဆေးလ်ဗား (ပီအက်စ်ဂျီ)၊ မာဆယ်လို(ရီးယဲလ်မက်ဒရစ်)၊ အလယ်တန်း-အင်နီယေစတာ (ဘာစီလိုနာ)၊ လူကာမိုဒရစ်(ရီးယဲလ်မက်ဒရစ်) ပေါ့ဘာ (ဂျူဗင်တပ်)၊ ရှေ့တန်း- မက်ဆီ(ဘာစီလိုနာ)၊နေမာ(ဘာစီလိုနာ)၊ ခရစ္စတီယာနို ရိုနယ်လ်ဒို (ရီးယဲလ်မက်ဒရစ်)တို့ဖြစ်ကြသည်။ ယင်းစာရင်းတွင် လာလီဂါမှ ကစားသမားရှစ်ဦးအထိပါဝင်နေပြီး လီဂူး-၁မှ ကစားသမားတစ်ဦး၊ ဘွန်စ်ဒက်စ် လီဂါမှ ကစားသမား တစ်ဦးနှင့် စီးရီးအေမှ ကစားသမားတစ်ဦးစီပါဝင်နေခဲ့သည်။ ပရိသတ်ကြိုက်နှစ်သက်သော ပရီမီယာလိဂ်မှ မည်သည့်ကစား သမားတစ်ဦး တစ်ယောက်မျှ ပါဝင်ခဲ့ခြင်းမရှိရာ ပရီမီယာလိဂ်၏ ဘောလုံးအဆင့်အတန်းအပေါ် မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။
မေလဲ့သင်း - စုစည်းသည်

No comments:

Post a Comment