Wednesday, January 13, 2016

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သက်သေထူမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံစတင်



The Mirror Daily's photo.
နေပြည်တော် ဇန်နဝါရီ ၁၂
မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးမှတ်တိုင်သစ်စိုက်ထူနိုင်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-2)တွင် ဇန်နဝါရီ ၁၂ ရက်မှ စတင်၍ ဇန်နဝါရီ ၁၆ ရက်အထိ ကျင်းပလျက်ရှိသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးသို့ အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ လွှတ်တော်မှ ကိုယ်စားလှယ်များ၊ တပ်မတော်မှကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ တတ်သိပညာရှင်များနှင့် အခြားပါဝင် သင့်ပါဝင်ထိုက်သူများ စုံလင်စွာတက်ရောက်ခဲ့ကြသည့်အပြင် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၊ ကုလသမဂ္ဂအဖွဲ့ရုံးမှ ကိုယ်စားလှယ်များနှင့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကုလသမဂ္ဂမှ အထူးကိုယ်စားလှယ် များလည်း တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် တရုတ်နိုင်ငံအနေဖြင့် ကူညီသွားမည အကြောင်းကို ''တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အပြည့်အစုံ ကူညီပေးနေပါတယ်။ ကျွန်တော့်ရဲ့ ခံစားမှုကို ပြောပြရရင်တော့ မတူညီတဲ့အချင်းချင်းတွေကို တူညီတဲ့ရလဒ် တစ်ခုရဖို့ လုပ်ဆောင်နေတယ်လို့ မြင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ရထားလမ်းနဲ့တူပါ တယ်။ ဘူတာကနေစထွက်လာပါပြီ။ အခြားလူတွေလည်း ဆက်လက်တက် ချင်တယ်ဆိုရင် တက်လို့ရပါတယ်။ အားလုံးကို တက်တက်ကြွကြွနဲ့ ပါဝင် ကြမယ်လို့ ကျွန်တော်မျှော်လင့်ပါ တယ်''ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်လာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ်စားလှယ် H.E. Mr. Sun Guoxiang က ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးသည် လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာသမိုင်းတွင်နိုင်ငံ ရေးယဉ်ကျေးမှုတစ်ရပ်အဖြစ် စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်ပြနိုင်ခြင်းဖြစ်သည်။ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA)ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(၈)ဖွဲ့မှ လက်မှတ် ရေးထိုးခဲ့ပြီး (၈၈)ရက်မြောက်နေ့တွင် ယခုကဲ့သို့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ကျင်းပနိုင်ခြင်း ဖြစ်သည်။
ချင်းအမျိုးသားတပ်ဦး(CNF)၏ အဓိပတိကောင်စီဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ''ကျွန်တော့်မိခင်ပါတီက ပြောထားတာက နိုင်ငံရေးအခန်းကဏ္ဍဆွေးနွေးပွဲမှာ ဆွေးနွေးဖို့ တာဝန်ပေးထားပါတယ်။ နိုင်ငံရေးအခန်းကဏ္ဍမှာ ကျွန်တော်တို့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေ ပြင်ဆင်ထားတာက ဖက်ဒရယ်အခြေခံမူနဲ့ ပတ်သက်ရင် ၂ဝ၁၅ မှာ ကျွန်တော်တို့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးနဲ့ ဒီမိုကရေစီအင်အားစုများ ပူးပေါင်းပြီး သဘောတူထားတဲ့ ဖက်ဒရယ်အဆင့်ကို လမ်းညွှန်အခြေခံ ရမယ့်မူ (၈)ချက်ရှိပါတယ်။ အဲဒါကိုပဲ ထပ်ပြီးတော့ တင်သွင်းဖို့ပြင်ဆင်ထားပါတယ်။ ပြည်ထောင်စုသမိုင်းမှာ ပထမဆုံး စတင်ကျင်းပတဲ့ ညီလာခံဖြစ်တဲ့အတွက် သမိုင်းမှာတွင်ကျန်ရစ်မယ့် အရေးကြီးတဲ့ ညီလာခံကြီးတစ်ခုပါ။ ဒီညီလာခံကြီးမှာ ဆွေးနွေးမယ့် အကြောင်းအရာ တွေကလည်း အင်မတန်အရေးကြီးတဲ့ အကြောင်း အရာတွေပါ''ဟု ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် တက်ရောက်ဆွေးနွေးမည့် အကြောင်းအရာ ကို ပြောသည်။
ပထမဆုံးအကြိမ်အဖြစ် ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် (၁) နိုင်ငံရေးဆွေးနွေးမှုအနေဖြင့် ဖက်ဒရယ်စနစ်တွင် အခြေခံ သင့်သည့်မူများ၊ (၂) လူမှုရေးအနေဖြင့် ပြည်တွင်းနေရပ် စွန့်ခွာတိမ်း ရှောင်သူများ၏ (IDPs) ကိစ္စရပ်များ၊ (၃) စီးပွားရေးအနေဖြင့် အခွန်ခွဲဝေခြင်းနှင့် ကောက်ယူခြင်းဆိုင်ရာများ၊ (၄)လုံခြုံရေးအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေခံသင့်သည့်မူများအား ညီလာခံကျင်းပသည့် ငါးရက်တာအတွင်း ဆွေးနွေးကြမည်ဖြစ်သည်။
နိုင်ငံရေးဆွေးနွေးမှုတွင် ပါဝင်ဆွေးနွေးမည့် (၈၈)မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ''ကျွန်တော်တို့က နိုင်ငံရေးအယူအဆပိုင်းနဲ့ ပတ်သက်တဲ့အရာတွေကို အဓိကထား ဆွေးနွေးမှာပါ။ အဖွဲ့အစည်းတစ်ခုချင်းစီမှာက သီးခြားနောက်ခံတွေရှိတယ်။ သီးခြားနိုင်ငံရေး သဘောထားတွေရှိတယ်။ ဒါကြောင့်မို့ တစ်ဖွဲ့ချင်းစီပါဝင်လာ ဖို့အတွက် ကြိုးစားရာမှာ မတူညီတဲ့ နောက်ခံသမိုင်းကြောင်းတွေကို မူတည်ပြီး ချဉ်းကပ်ထားဖို့လိုပါတယ်။ ငြိမ်းချမ်းရေးအတွက် ပထမခြေလှမ်းလို့ ပြောလို့ရတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ဒီထက်ပိုပြီး အားလုံးပါဝင်တဲ့ ညီလာခံဖြစ်အောင် ဆက်ကြိုးစားရမှာပါ။ (၈)ဖွဲ့နဲ့စတယ်ဆို ပေမယ့်လည်း ပဏာမခြေလှမ်းအဖြစ် ဒီထက်ပိုကျယ်ပြန့်အောင် လက်မှတ်မထိုးနိုင်သေးတဲ့ တိုင်းရင်းသားတွေလည်း ပါဝင်လာအောင် ကျွန်တော်တို့ ဆက်ကြိုးစားရမှာပါ''ဟု ပြောသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြိုးစားနေကြသူများ၏မြင်ကွင်းအဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသည် သက်သေထူနိုင်ခဲ့သည်။ ညီလာခံတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က အဖွင့်မိန့်ခွန်းပြောကြားပြီး ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ၊ အမျိုးသား ဒိမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုးတို့က နှုတ်ခွန်းဆက်စကား အသီးသီးပြောကြားခဲ့ကြသည်။
ညီလာခံတွင်ဝင်ရောက် ဆွေးနွေးမည့် ပါဝင်သင့်ပါဝင်ထိုက်သူများ အစုအဖွဲ့ကိုယ်စားလှယ် ဦးလှမောင် ရွှေက ''လက်နက်ကိုင်ပဋိပက္ခတွေကို လက်နက်ကိုင်တဲ့နည်းနဲ့ ဖြေရှင်းလို့ မရဘူးဆိုတာ (၆၇)နှစ်ကြာ ပြည်တွင်းစစ်က သက်သေပြနေပါတယ်။ ဒီညီလာခံမှာတော့ ဖက်ဒရယ်ဒီမို ကရေစီနိုင်ငံသွားဖို့အတွက်ကို အခြေခံတွေ စုစည်းပေးခဲ့နိုင်မယ်လို့ထင်ပါတယ်။ စုစည်းချက်တွေကို နောက်ထပ် ညီလာခံတွေကတစ်ဆင့် အကောင်အထည်ဖော်နိုင်ပါမယ်။ UPDJC ဘက်ကလည်း အဆိုတင်မှာတွေ ရှိပါတယ်။ ဒီလိုညီလာခံတွေကို ဘယ်နှစ် နှစ်အတွင်း ဥပမာ သုံးနှစ်ကနေ ငါးနှစ်အတွင်း ပြီးပြတ်အောင်ဆောင်ရွက် နိုင်ဖို့ဆိုတာမျိုးပါ။ ဒီညီလာခံ တစ်ခုတည်းနဲ့တော့ ပြီးပြတ်မှာမဟုတ်ဘူး။ ဒီနေ့ညီလာခံကတော့ ငြိမ်းချမ်းရေး ခရီးရှည်အတွက် စတဲ့ခြေလှမ်းပဲ ဖြစ်ပါတယ်''ဟုပြောသည်။
နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အတွင်းရေးမှူးအဖြစ်ဆောင်ရွက်သူ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အဖွဲ့ဝင် စိုင်းကျော်ညွန့်က ''ကျွန်တော်တို့က ဖက်ဒရယ် မူဝါဒပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီများအစု အဖွဲ့အနေနဲ့ ဆွေးနွေးမယ်။ နောင်တက်လာမယ့် အစိုးရ လက်ထက်မှာ ပထမဆုံး စတင်လုပ်ဆောင်ရမှာက ငြိမ်းချမ်းရေးအတွက်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က လက်မှတ် မရေးထိုးရသေးတဲ့ အဖွဲ့တွေလည်း ငြိမ်းချမ်းရေးမှာ ပါဝင်ဖို့အတွက် အားလုံးကိုခေါ်ပြီးတော့ လုပ်ဆောင် မယ်ဆိုတာ ပြောပြီးသားပါ'' ဟု ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဖြေကြားခဲ့သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း (NCA)ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(၈)ဖွဲ့ အပါအဝင် လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက နှစ်နှစ် ကျော်ကြာ အတူတကွ ရေးဆွဲခဲ့ကြခြင်းဖြစ်သည်။ အတူတကွရေးဆွဲခဲ့ကြသော NCA စာချုပ်မူကြမ်းကို ၂ဝ၁၅ ခုနှစ် သြဂုတ် ၇ ရက်က NCA စာချုပ်မူ ချောအဖြစ် အတည်ပြုနိုင်ခဲ့ပြီး ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်က ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) ကို ကန့်ကွက်သူမရှိဘဲ ထောက်ခံ အတည်ပြုနိုင်ခဲ့သည်။ ။
သတင်း - ရဲခေါင်ညွန့်
ဓါတ်ပုံ - ဖိုးထောင်

No comments:

Post a Comment