ငါ့သရောက် ဇန်နဝါရီ ၂၈
ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်ခွဲ အမှတ်(၃)တောင်ကုန်းရပ်ကွက်သည် အိမ်ခြေ ၁၃ဝ နီးပါးခန့် မှီတင်းနေထိုင်ကြပြီး ဒေသခံပြည်သူများသည် နှစ်စဉ်မိရိုးဖလာ ထန်းရာသီလုပ်ငန်းအသုံးပြု ထန်းမြူအိုးလုပ်ငန်းကို မိသားစုတစ်နိုင်တစ်ပိုင်လုပ်ကိုင်ခြင်းဖြင့် စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ယခုနှစ် ငါ့သရောက်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများမှ ထန်းတောင်သူများ ထန်းလုပ်ငန်းစတင် လုပ်ကိုင်ကြပြီဖြစ်၍ ထန်းမြူအိုးများရောင်းချနိုင်ရန်အတွက် အိုးဖုတ်လုပ်ငန်းများ အပြိုင်လုပ်ကိုင် ဆောင်ရွက်နေကြကြောင်း အမှတ်(၃)တောင်ကုန်းရပ်ကွက်ရှိ ထန်းမြူအိုးလုပ်ငန်း လုပ်ကိုင်သူအများစုကပြောသည်။
ငါ့သရောက်မြို့၊ အမှတ်(၃)တောင်ကုန်းရပ်ကွက်ရှိ ဒေသခံပြည်သူများသည် မိရိုးဖလာထန်းမြူအိုးလုပ်ငန်းကို မိသားစုများဝိုင်းဖွဲ့၍ လုပ်ကိုင်ကြပြီး သုံးလရာသီလုပ်ငန်း ဖြစ်၍ နတ်တော်၊ ပြာသို၊ တပို့တွဲလတွင် ထန်းမြူအိုးလုပ်ငန်းကို စတင်လုပ်ကိုင်ကြသည်။
ထန်းမြူအိုးလုပ်ငန်းအပြင် သောက်ရေအိုး၊ ဟင်းချက်အိုး၊ ဘုရားပန်းအိုးနှင့် ကလေးကစားစရာ အရုပ်များမကျန် အမျိုးအစားစုံလင်စွာပြုလုပ်ကြပြီး ထန်းမြူအိုးတစ်လုံး လျှင် ငွေကျပ် ၅ဝ ခန့်၊ သောက်ရေအိုးတစ်လုံးလျှင် ငွေကျပ် ၃၅ဝခန့်၊ ဟင်းချက်အိုးနှင့် ဘုရားပန်းအိုးများမှာ တစ်လုံးလျှင် ငွေကျပ် ၁၅ဝ ခန့်၊ ကလေးကစားစရာအရုပ်များမှာ ဈေးနှုန်းသင့်သလို ရောင်းချပေးကြောင်း သိရသည်။
''ကျွန်တော်တို့ရပ်ကွက်က အိမ်တိုင်းလိုလို ထန်းမြူအိုးလုပ်ငန်းလုပ်ကိုင်ကြတာပါ။ ဒါ့ကြောင့် မြူအိုးလုပ်ငန်းက ကျွန်တော်တို့ရပ်ကွက်မှာ မိရိုးဖလာအလုပ်တစ်ခုလို ပြောရင်လဲရပါတယ်၊ မြူအိုးလုပ်ငန်း အကြောင်းပြောရရင်တော့ ဒီအလုပ်က ရှေးလူကြီးတွေပြောခဲ့တဲ့အတိုင်းဆိုရင်တော့သုံးလရာသီလုပ်ငန်းပါပဲ။ ထန်းထွက်စောလို့ ထန်းတက်တောင်သူတွေလုပ်ငန်းစရင် ကျွန်တော်တို့ လုပ်ငန်းကလည်း စောစောအလုပ်ဖြစ်တာပါပဲ။
''ဒါပေမယ့် အိုးလုပ်ရ တာ အခက်အခဲလေးတွေတော့ ရှိတာပေါ့။ အိုးလုပ်တဲ့မြေတွေက ကျွန်တော်တို့အတွက် အလကားရပေမဲ့ အိုးဖုတ်ဖို့လိုအပ်တဲ့ ထင်းနဲ့ နွားချေးဈေးတွေက မနှစ်ကထက်ဈေးကြီးပေးဝယ်နေရတော့ ကိုယ့်အတွက် အမြတ်ငွေလျော့တာပေါ့။ ကျွန်တော်တို့ရပ်ကွက်မှာ မြူအိုးမီးဖုတ်တဲ့ ဖိုသုံးခုရှိပါတယ်။ မီးဖိုတစ်ဖိုလျှင် အိုးလုပ်တဲ့သူ ခုနစ်ဦးခန့် တစ်ပြိုင်နက်တည်း မီးဖုတ်လို့ရပါတယ်။ မြူအိုးလုပ်ငန်းလုပ်သူကများတော့ တစ်ခါတလေကျတော့ အလှည့်ကျစနစ်နဲ့လုပ်ရတာပေါ့ဗျာ။
''ဖိုတစ်ဖိုမီးဖုတ်လျှင် မြေအိုး အလုံးရေ ၁ဝဝဝ မှ ၂ဝဝဝ ခန့်အထိ မီးဖုတ်လို့ရပါတယ်။ ကျွန်တော်တို့ဒေသကထွက်တဲ့ မြေအိုးတွေကို ချောက်မြို့နယ်၊ မြင်းခြံမြို့နယ်၊ ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်များသို့ အများဆုံးတင်ပို့ရောင်းချနေရပါတယ်။ ပြီးတော့ ကျွန်တော်တို့ရပ်ကွက်မှာ အခုဆိုရင် လျှပ်စစ်မီးလည်းရပြီဖြစ်တဲ့အတွက် ထန်းမြူအိုလုပ်ငန်းကို နေ့ရောညပါ လုပ်ကိုင်ဆောင်ရွက် နေရပါပြီ။
''ကျွန်တော်တို့ရပ်ကွက်က ဒေသခံပြည်သူတွေအနေနဲ့ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်တဲ့ ထန်းမြူအိုးလုပ်ငန်းကို ပိုပြီးလုပ်လို့ရတဲ့အတွက် ထန်းရာသီမှာ မိသားစုဝင်ငွေရပြီး စီးပွားရေးအဆင်ပြေပါတယ်'' ဟု တောင်ကုန်းရပ်ကွက်မှ ထန်းမြူအိုလုပ်ငန်းရှင် တစ်ဦး၏ပြောပြချက်အရသိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)
No comments:
Post a Comment