Saturday, January 2, 2016

ပျဉ်းမနားမြို့ ဘိုးဘွားရိပ်သာနှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ



The Mirror Daily's photo.


နေပြည်တော် ဇန်နဝါရီ ၁

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ဇန်နဝါရီ ၁ ရက်က ပျဉ်းမနားမြို့ ဘိုးဘွားရိပ်သာ၌အဘိုး၊အဘွားများကိုနှစ်သစ်ဦးမင်္ဂလာအဖြစ် အသုံးအဆောင် ပစ္စည်းများနှင့် ထောက်ပံ့ငွေများလှူဒါန်းသည်။

ဆက်လက်၍ ပျဉ်းမနားမြို့ ဘိုးဘွားရိပ်သာနှစ်ပတ်လည်နေ့ အထိမ်း အမှတ် (၂၅)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲနှင့် ငွေပဒေသာပင် လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံလူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာလုပ်ငန်းစီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်သမ္မတကြီးရဲ့လမ်းညွှန်မှုအရ ရန်ကုန်မြို့တွင် နိုင်ငံတော် အနေနဲ့ အခမဲ့ ပထမဆုံးသက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်မှုဂေဟာ (Day Care Center For the Aged)ကို၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၂ဝ ရက်တွင် အောင်မြင်စွာဖွင့်လှစ်ခဲ့ပြီး အသက်(၇ဝ)နှစ်နှင့်အထက် အဘိုး၊ အဘွား(၁ဝဝ) ကျော်ကို အစိုးရရုံးပိတ်ရက်များမှအပ နေ့စဉ် ပြုစုစောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ ယနေ့အချိန်အထိတစ်နိုင်ငံလုံးအတွင်းရှိ အသက်(၁ဝဝ)နှစ်နှင့် အထက်အဘိုး၊ အဘွား စုစုပေါင်း ၁၂၄၇ ဦးကို နိုင်ငံတော်၏ သက်ကြီး ဝါကြီးဂုဏ်ပြုခံပုဂ္ဂိုလ်များအနေဖြင့် နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် ဂုဏ်ပြုလွှာများနှင့် အဘိုး၊ အဘွားတစ်ဦးလျှင် ချီးမြှင့်ငွေ ကျပ်နှစ်သိန်းစီဖြင့် စုစုပေါင်း ၂၄၉၄ သိန်းကို ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးတွင်ယနေ့အချိန်အထိကောက်ယူရရှိထားသည့် အသက်(၉ဝ)နှစ်နှင့်(၁ဝဝ)နှစ်အကြား အဘိုး၊အဘွားစုစုပေါင်း ၂၃၁၈၇ ဦးအတွက် တစ်ဦးလျှင် ၁၈ဝဝဝ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၄၁၇၃ ဒသမ ၆၆ သိန်းကို ဝန်ကြီး ဌာနဘတ်ဂျက်မှ ထောက်ပံ့ပေးလျက်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာန (၂၇) ခုမှ ကိုယ်စားလှယ် များက ငွေပဒေသာပင် စုစုပေါင်း ၂၅၄ ဒသမ ၅၂ သိန်းကျော်အား ငွေပဒေ သာပင်စိုက်ထူရန်အတွက် ဘိုးဘွားရိပ်သာဥက္ကဋ္ဌထံပေးအပ်ပြီး ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ သံဃာတော် ၁ဝ၈ ပါးနှင့် သီလရှင် ၄၅ ပါးတို့ကို ဆွမ်းဆန် တော်များနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment