Tuesday, January 12, 2016

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



ကျန်းမာရေးဆုလာဘ်လူတိုင်းရယူနိုင်
 
''အာရောဂျံပရမံလာဘံ'' ကျန်းမာခြင်းသည် လာဘ်ကြီး တစ်ပါးဟုဆိုကြသည်။ ကျန်းမာသောသူတိုင်းသည် ကျန်းမာခြင်း၏ ဆုလာဘ်ကိုရရှိနေကြသည်။ သို့သော် လူတိုင်းသည် ကျန်းမာရေး ဆုလာဘ်ကို ရရှိကြခြင်းမဟုတ်ဘဲ ကျန်းမာခြင်းရှိသူများသာရရှိ နိုင်ပေသည်။ ကျန်းမာရေးကောင်းသူတိုင်းသည် သွားနိုင်၊ လာနိုင်၊ စားနိုင်၊ သောက်နိုင်၊ စိတ်သွားတိုင်းကိုယ်ပါ၍ လိုအင်ဆန္ဒပြည့်ဝ နိုင်သည်။ ထို့ကြောင့် ကျန်းမာခြင်းသည်လာဘ်ကြီးတစ်ပါးဟု ဆိုကြခြင်းဖြစ်သည်။
ကျန်းမာရေးဆုလာဘ်ကို လူတိုင်း ရယူနိုင်သော်လည်း လူအများစုမှာ ကျန်းမာရေးဆုလာဘ်ကို ရယူရကောင်းမှန်းမသိ နိစ္စဓူဝ လူမှုရေးရာအဖြာဖြာတို့ဖြင့် ကျင်လည်နေကြသည်။ ကျန်းမာရေးအလုပ်ကိုလုပ်လျှင် လုပ်သလောက် အကျိုးရှိသည်ဟု သိကြသော်လည်း အများစုမှာ ကျန်းမာရေးအလုပ်ကို အကြောင်း အမျိုးမျိုးတို့ဖြင့် မလုပ်ဘဲနေကြသလို ဖြစ်ကြရသည်။ ဆင်းရဲ သူများက မိသားစုအရေး၊ စီးပွားရေးအခြေအနေကြောင့် မအားလပ်၍ကျန်းမာရေးအလုပ်ကို မလုပ်နိုင်ကြဟု ဆိုကြသည်။ ချမ်းသာသူအများစုမှာလည်း ကျန်းမာရေးအလုပ်ထက် စီးပွားရေး အလုပ်ကို ဦးစားပေးကြ၍ သွေးတိုးနှင့် နှလုံး၊ ဆီးချိုနှင့် ကျောက်ကပ်ကလီစာပိုင်း ဖောက်ပြန်မှုရောဂါတို့စွဲကပ်လာမှသာ ငွေကုန်ကြေးကျခံ၍ ကုကြရသည်။ ကျန်းမာခြင်း၏ တန်ဖိုးကို မကျန်းမာသောအခါမှ သိရသည်။ ကျန်းမာရေး ကိုငွေနှင့်ဆက်၍ ရယူရန်ကြိုးစားကြသည်။ ငွေရှိလျှင် ဘာမဆို ဖြစ်နိုင်သည်ဆိုသူတို့ ကျန်းမာရေး ယိုယွင်းလာသောအခါ လက်မြှောက်အရှုံးပေးကြရသည်။
အမှန်စင်စစ် ကျန်းမာရေး ဆုလာဘ်ကိုငွေကြေးအရင်းအနှီး စိုက်ထည့်၍ လုပ်ဆောင်ရန်မလိုပေ။ ရုပ်ဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာသောကျန်းမာရေးအတွက် ရုပ်ကိုသာကျန်းမာကြံ့ခိုင် အောင် လေ့ကျင့်ပြုပြင်ကြရ၏။
ကျွန်ုပ်တို့အနေဖြင့် ရုပ်ဖောက်ပြန်မှုကို တွန်းလှန်တားဆီး နိုင်ရန်မှာ ကြွက်သေတစ်ခုအရင်းပြုဆိုသည့် စကားအတိုင်း မိမိ ၏ ရုပ်ခန္ဓာကိုယ်ကိုအရင်းပြု၍ နေ့စဉ်ကျန်းမာရေးလေ့ကျင့်ခန်း များ ပြုလုပ်ရန်မှတစ်ပါး အခြားမရှိပေ။ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်းတို့ဖြင့် ငွေကုန်ကြေးကျ ကုန်စရာမလိုဘဲ အလွယ်တကူ ကျန်းမာရေးဆုလာဘ်ကို ရယူနိုင် ကြ၏။
ယခုရက်များအတွင်း ညနေပိုင်းတွင် ရန်ကုန်မြို့ကန်တော်ကြီး ပတ်လမ်းအတွင်း နိုင်ငံခြားသားအချို့ပြေးလွှားနေသူများနှင့် လမ်း လျှောက်သူများကိုတွေ့ရ၏။ သူတို့သည်ကား ကမ္ဘာ့ချန်ပီယံဖြစ်ရေး လေ့ကျင့်နေခြင်း မဟုတ်ဘဲ ရုပ်ဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာ နိုင်သည့် ရောဂါအမျိုးမျိုးကို ကာကွယ်တားဆီးရန် ပြင်ဆင် နေကြခြင်းပင်ဖြစ်၏။ မြန်မာပြည်ရောက်တုန်း ရောက်ခိုက် ကန်တော်မင်္ဂလာ၏ သဘာဝအလှအပများကို ခံစားရင်း ကျန်းမာရေးဆုလာဘ်အတွက် ပြင်ဆင်နေကြခြင်းပင်ဖြစ်၏။ သို့ဖြစ်၍ မြို့တော်သူ မြို့တော်သား၊ နိုင်ငံသူနိုင်ငံသားအပေါင်း တို့အနေဖြင့် မိမိတို့အခွင့်အရေးကို လက်လွတ်မခံဘဲ ကျန်းမာရေး ဆုလာဘ်ကို ရယူနိုင်ရန် ကျန်းမာရေးအလုပ်ကို အလေးထား လုပ်ကိုင်အပ်ပေကြောင်း။ ။

No comments:

Post a Comment