Tuesday, January 12, 2016

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အဆင့်မြင့်မင်္ဂလာဈေး မီးလောင်ကျွမ်းမှုအခြေအနေကြည့်ရှုစစ်ဆေး အဆောက်အအုံကြီးတစ်ခုလုံး ကြံ့ခိုင်မှုမရှိတော့သဖြင့်အသစ်တည်ဆောက်သွားမည်





နေပြည်တော် ဇန်နဝါရီ ၁၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အဆင့်မြင့် မင်္ဂလာဈေးသို့ရောက်ရှိပြီး ဇန်နဝါရီ ၉ ရက် မီးလောင်မှုဖြစ်စဉ်အတွင်း တတိယထပ်၊ စတုတ္ထထပ်နှင့် အပေါ်ဆုံးထပ်ရှိ ဆိုင်ခန်းများ မီးလောင်ကျွမ်းခဲ့မှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတအား ရန်ကုန်မြို့တော် ဘဏ်အစည်းအဝေးခန်းမ၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့် က လက်ရှိအဆင့်မြင့်မင်္ဂလာဈေးကို ၁၉၉၈ ခုနှစ် ဇူလိုင် ၅ ရက်က စတင်ဖွင့်လှစ်ခဲ့မှု၊ ၂ဝ၁ဝ ခုနှစ် မေ ၂၄ ရက်တွင် မီးလောင်ကျွမ်းခဲ့မှုနှင့် ဆုံးရှုံးမှုတန်ဖိုး၊ ပြန်လည်တည်ဆောက်မှု၊ ယခု ဇန်နဝါရီ ၉ ရက်က မီးလောင်ကျွမ်းမှု၊ လောင်ကျွမ်းခံခဲ့ရသည့် ဆိုင်ခန်းများနှင့် ဆုံးရှုံးမှုတန်ဖိုး၊ လတ်တလော ဆောင်ရွက်ထားရှိမှု၊ ဈေးဆိုင်ခန်းများမှ ပစ္စည်းများရွှေ့ပြောင်းမှုနှင့် ဈေးဆိုင်ခန်းများအား ယာယီနေရာချထားပေးမည့်အစီအစဉ်၊ မီးလောင်ကျွမ်းခံရသည့် ဈေးဆိုင်များအား ချေးငွေထုတ်ပေးမည့် အစီအစဉ်နှင့် အဆင့်မြင့် မင်္ဂလာဈေးအား ပြန်လည်တည်ဆောက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးခင်မောင်စိုး၊ ဦးကျော်လွင်တို့က ပြန်လည်တည်ဆောက်မည့် အဆင့်မြင့်မင်္ဂလာဈေးဆိုင်ခန်းများ အကျယ်အဝန်းကို ယခုထက် ပိုမိုဧရိယာအကျယ်ထားပေးရေး၊ မီးလောင်ကျွမ်းခံရသည့် ဈေးဆိုင်များအား သက်သာသော အတိုးနှုန်းဖြင့် ချေးငွေထုတ်ပေးရေး၊ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးနှင့် အဆောက်အအုံကြံ့ခိုင်မှု ကောင်းမွန်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော် သမ္မတက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဆွေးနွေးပြောကြားရာတွင် ဈေးသူ ဈေးသားများကို ယာယီဈေး၌ နေရာချထားရာတွင် တတ်နိုင်သမျှ စုစုစည်းစည်းဖြစ်စေရေး၊ ယာယီဆိုင်ခန်းများ သပ်ရပ်တောင့်တင်းခိုင်မာပြီး ရာသီဥတုဒဏ်ခံနိုင်ရေးအတွက် အလေးထားဆောင်ရွက် ပေးရန်၊ မီးလောင်ဆုံးရှုံးသွားသည့် ဈေးသူ ဈေးသားများ လုပ်ငန်းပြန်လည်စတင်နိုင်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ဘဏ်မှသက်သာသော အတိုးနှုန်းဖြင့် ငွေထုတ်ချေးပေးရန်၊ ယာယီဈေးသို့ ရွှေ့ပြောင်းရာတွင် အထောက်အကူဖြစ်စေရန်အတွက် နိုင်ငံတော်အစိုးရမှ မီးဘေးသင့်ဆိုင်ခန်း တစ်ခန်းချင်းအလိုက် သင့်တော်သည့် ထောက်ပံ့ကြေးများထောက်ပံ့ ပေးရန်၊ ဈေးအဆောက်အအုံသစ် ပြန်လည်တည်ဆောက်ရာတွင် မီးဘေးအပါအဝင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်မည့်တည်ဆောက်မှုဖြစ်စေရေး၊ ရေရှည်အားဖြင့် အဆင့်မီအဆင့်မြင့်ဈေးသစ် ဖြစ်စေရေးအတွက် ကောင်းမွန်သော ဗိသုကာဒီဇိုင်းများ၊ အဆောက်အအုံပုံစံများ ရရှိနိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း စသည်တို့နှင့် ညှိနှိုင်းတိုင်ပင်ဆောင်ရွက်သွားရန်၊ လျှပ်စစ်သုံးစွဲမှု၊ ဓာတ်အားကြိုးများ ဖြန့်ခွဲတပ်ဆင်မှု စသည်တို့နှင့်ပတ်သက်၍လည်း ဘေးကင်းလုံခြုံစေရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနနှင့်ညှိနှိုင်း၍ သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီစေရေး အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ရန်ကုန်မြို့တော် ဘဏ်မြေညီထပ်၌ ဈေးသူဈေးသားများအား တွေ့ဆုံ၍ ဈေးသူ ဈေးသားများတင်ပြသည့် အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး မီးလောင်မှုဖြစ်စဉ်ကြောင့် ဆုံးရှုံးခဲ့ရသည့် ဈေးသူ ဈေးသားများအတွက် နိုင်ငံတော်က ရှေ့ဆက်လက် ပံ့ပိုးဆောင်ရွက်ပေးသွားမည့် အစီအမံများကို ရှင်းလင်းပြောကြားခဲ့သည်။
ဇန်နဝါရီ ၉ ရက် နံနက် ၁ နာရီ မိနစ် ၂ဝ ခန့်တွင် စတင်လောင်ကျွမ်းခဲ့သည့် အဆင်ြ့မင့်မင်္ဂလာဈေး မီးလောင်မှုကြောင့် တတိယထပ်လေးလွှာရှိ ဆိုင်ခန်း ၇၉၁ ခန်း၊ စတုတ္ထထပ် ငါးလွှာရှိ ဆိုင်ခန်း ၇၉၇ ခန်းနှင့် အပေါ်ဆုံးထပ် ခြောက်လွှာရှိ ဆိုင်ခန်း ၄၈ ခန်း အပါအဝင် ဆိုင်ခန်းစုစုပေါင်း ၁၆၃၆ ခန်း မီးလောင်ကျွမ်းခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ခန့်မှန်းငွေကျပ် ၃၆ ဘီလီယံ ဆုံးရှုံးခဲ့သည်။

လက်ရှိကာလတွင် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ ဈေးများဌာန အဆင့်မြင့်မင်္ဂလာဈေး ဈေးသာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၏ ကြီးကြပ်မှု ဖြင့် မီးလောင်ကျွမ်းမှုတွင် မပါဝင်သည့် မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ်ရှိဆိုင်ခန်းများမှ ပစ္စည်းများကို ရွှေ့ပြောင်း ပေးလျက်ရှိရာ မြေညီထပ်မှ ဆိုင်ခန်း ၈၄၉ ခန်းရှိ ပစ္စည်းများကို ဇန်နဝါရီ ၁ဝ ရက်မှ ၁၂ ရက်အထိလည်းကောင်း၊ ပထမထပ်မှ ဆိုင်ခန်း ၇၉၁ ခန်းရှိ ပစ္စည်းများကို ဇန်နဝါရီ ၁၃ ရက်မှ ၁၄ ရက်အထိလည်းကောင်း၊ ဒုတိယထပ်မှ ဆိုင်ခန်း ၇၉၁ ခန်းမှ ပစ္စည်းများကို ဇန်နဝါရီ ၁၅ ရက်မှ ၁၆ ရက်အထိ လည်းကောင်း၊ ကျန်ဆိုင်ခန်းများကို ဇန်နဝါရီ ၁၇ ရက်တွင်လည်းကောင်း ဈေးသူ ဈေးသားများ၏ အစီအစဉ်ဖြင့် သယ်ယူခွင့်ပြုထားပြီးဖြစ်သည်။

အကျယ်အဝန်း အလျား ပေ ၂၆ဝ နှင့် အနံ ၂၂၈ ပေရှိ အဆင့်မြင့်မင်္ဂလာဈေးကို ၁၉၉၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂ဝ၁ဝ ခုနှစ်တွင် ပထမအကြိမ် စတုတ္ထထပ်နှင့် ခေါင်မိုးထပ်မီးလောင်ခဲ့၍ ပြန်လည်တည်ဆောက်ခဲ့ရသည်။ ယခုတစ်ဖန် တတိယထပ်မှ ခေါင်မိုးထပ်ထိ ထပ်မံမီးလောင်ခဲ့မှုကြောင့် အဆောက်အအုံကြီးတစ်ခုလုံး ကြံ့ခိုင်မှုမရှိတော့သဖြင့် အသစ်ပြန်လည်တည်ဆောက်သွားမည်ဖြစ်သည်။

ဈေးသစ်ပြန်လည် တည်ဆောက်နိုင်ရန်အတွက် မြေညီထပ်မှ ပဉ္စမထပ်ရှိ ဆိုင်ခန်းပေါင်း ၄ဝ၆၇ ခန်းကို မင်္ဂလာဈေးဝင်းအတွင်းရှိ ရွှေမင်္ဂလာဈေး တတိယထပ်မှ ပဉ္စမထပ်ရှိ ယာဉ်ရပ်နားနေရာ၊ ရွှေပြည့်စုံဈေး စတုတ္ထ ထပ်ရှိ လစ်လပ်နေရာနှင့် မင်္ဂလာမွန်ဈေး ရှေ့မျက်နှာစာ ယာဉ်ရပ်နားနေရာတို့တွင် ၅ ပေ x ၅ ပေ ဆိုင်ခန်းနေရာ များစီစဉ်၍ ယာယီနေရာချထားပေးမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment