Friday, January 1, 2016

တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးလုပ်ငန်းများ ဖျက်သိမ်း



The Mirror Daily's photo.


နေပြည်တော် ဒီဇင်ဘာ ၃၁

ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှု ဆိုင်ရာအဟန့်အတားများကို လျှော့ချသွားရန်အတွက် တရားမဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီကို ဒီဇင်ဘာ ၃ဝ ရက်က ဖျက်သိမ်းလိုက်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်အတွက် တရားဝင်ကုန်သွယ်မှုလမ်းကြောင်းမှ အခွန်အခများ အပြည့်အဝရရှိနိုင်ရေး၊ ကုန်သည် လုပ်ငန်းရှင်များအားလုံး တရားဝင်ကုန်သွယ်မှုလမ်းကြောင်း ပေါ်မှသာ လုပ်ကိုင်ဆောင်ရွက်ကြခြင်းဖြင့် မှန်ကန်ညီမျှ သော အကျိုးအမြတ်များ ခွဲဝေရရှိစေရေးနှင့် နိုင်ငံ၏စီးပွားရေးကုန်သွယ်မှုကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်စေရေး အတွက် တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရန် တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်မှုများကြောင့် ဘဏ္ဍာနှစ်အလိုက် ကုန်သွယ်မှုများ အထိုက်အလျောက်တိုးတက်ခဲ့သော်လည်း ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုဆိုင်ရာ အဟန့်အတားများကို လျှော့ချနိုင်ရန် လိုအပ်ချက်အရ အဆိုပါကော်မတီကို နိုင်ငံတော်သမ္မတရုံး၏အမိန့် ကြော်ငြာစာဖြင့် ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

Mobile Team အဖွဲ့တွင် အကောက်ခွန်၊ မြန်မာ နိုင်ငံရဲ၊ ပြန်/ဆက်၊ ဆိပ်ကမ်းအာဏာပိုင်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ကုန်သည်အသင်း စသည့် ပူးပေါင်း အဖွဲ့ဝင်များ ပါဝင်ပြီး ၎င်းတို့ကို မိခင်ဌာနသို့ ပြန်လည် စေလွှတ်ပြီးဖြစ်သည်။

တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့ကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က စတင်ဖွဲ့စည်းဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှု၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တရားမဝင်တင်ပို့၊ တင်သွင်းနေမှုများကို စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် မန္တလေး-မူဆယ်ကုန်သွယ်မှု လမ်းကြောင်းပေါ်တွင် လှုပ်ရှား-၁(နောင်ချို)၊ ရန်ကုန်-မြဝတီကုန်သွယ်မှုလမ်းကြောင်းပေါ်တွင် လှုပ်ရှား-၂ (ညောင်ခါးရှည်)၊ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ၊ ကမ်းရိုးတန်းဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ဌာနဆိုင်ရာ အဖွဲ့စုံ များပါဝင်သော Mobile Team များဖြင့် ဖွဲ့စည်းဆောင် ရွက်ခဲ့ကြောင်းသိရသည်။
(ကြေးမုံသတင်းအဖွဲ့)

No comments:

Post a Comment