နေပြည်တော် ဇန်နဝါရီ ၁ဝ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးစိုးသိန်း၊ ဦးခင်မောင်စိုး၊ ဦးကျော်လွင်၊ ဒေါက်တာသန်းအောင်၊ ဦးရဲထွဋ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်မင်းနောင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ကရင်ပြည်နယ် ဘားအံမြို့သို့ ရဟတ်ယာဉ်များဖြင့်ရောက်ရှိရာ ပြည်နယ်ခေတ္တဝန်ကြီးချုပ် ဦးစောဝင်းထိန်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် ဘားအံမြို့ သီရိကွင်း၌ ကျင်းပသည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားသို့ တက်ရောက်သည်။
ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားသို့ ပြည်နယ်ခေတ္တ ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများ၊ ကရင်တိုင်းရင်းသားများ၊ ပြည်နယ်သူ၊ ပြည်နယ်သား တိုင်းရင်း သားညီအစ်ကိုမောင်နှမများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ရှေးဦးစွာ ကရင်ပြည်နယ် ယဉ်ကျေးမှုအဖွဲ့များက ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ကရင်ရိုးရာကျွဲချိုမှုတ်ပြီး ဖားစည်တီးကာ ဖွင့်လှစ်ပေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက ကရင်အမျိုးသားနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ကရင်တိုင်းရင်းသားတို့၏ နှစ်သစ်ကူး အထိမ်းအမှတ်၊ နှစ်သစ်မင်္ဂလာ ပြုခြင်းသည် နှစ်ဟောင်းမှမကောင်းမှုမှန်သမျှကို နှစ်ဟောင်းနှင့်အတူ စွန့်ပယ်ခဲ့ပြီး ရောက်ရှိလာသည့် နှစ်သစ်ကို မွန်မြတ်သော စိတ်ဓာတ်ဖြင့် ရွှင်လန်းဝမ်းမြောက်စွာကြိုဆို ခြင်းဖြစ်ပါကြောင်း။
တစ်နည်းအားဖြင့် ကုန်လွန်ခဲ့သော နှစ်ဟောင်းအတွေ့အကြုံများမှ အားနည်းချက်များ၊ အားသာချက်များကို ပြန်လည်ဆန်းစစ်သုံးသပ်ပြီး နှစ်သစ် အခါသမယတွင် စိတ်သစ်၊ အားမာန် သစ်များနှင့်အတူ ပြည်နယ်နှင့် နိုင်ငံတော်အကျိုးစီးပွားဖြစ်ထွန်းလာရေးကို အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ရန် အဓိဋ္ဌာန်ပြုခြင်း ဖြစ်ပါကြောင်း။
ကရင်တိုင်းရင်းသားတို့သည် နှစ်သစ်မင်္ဂလာကျင်းပရာတွင် ရိုးရာဓလေ့အတိုင်း အတီးအမှုတ်၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်း၊ သက်ကြီးဝါကြီး ဘိုးဘွားများအား ဂါရဝပြုပြီး ကောက်သစ်စားသောက်ဖွယ်များဖြင့် ပူဇော်ကန်တော့ ကျွေးမွေးခြင်း၊ လက်ဆောင်ပစ္စည်းများ ပေးကမ်း လှူဒါန်းခြင်း၊ လူမျိုးမရွေး၊ ဘာသာမရွေးလူအပေါင်းတို့အား ဆုတောင်းမေတ္တာပို့သခြင်း စသည့် မွန်မြတ်သော ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အစဉ်အလာသည် ချစ်မြတ်နိုးဖွယ်ရာဂုဏ်ဒြပ်ကို ထင်ဟပ်ပေါ်လွင်စေသကဲ့သို့ မိမိတို့ချစ်မြတ် နိုးသော ကိုယ်ပိုင်ယဉ်ကျေးမှုအစဉ် အလာကောင်းများကို စောင့်ရှောက်ဖော်ထုတ်မြှင့်တင်ခြင်း၊ မိမိအမျိုးသား စာပေ၊ အမျိုးသားယဉ်ကျေးမှု ဓလေ့ထုံးစံများကို ထိန်းသိမ်းစောင့်ရှောက် ကာကွယ် ဖော်ထုတ်ခြင်းတို့သည် လည်းကောင်းမြတ်သော အစဉ်အလာကောင်းများ ဖြစ်ကြပါကြောင်း။
ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမများသည် ခက်ခဲကြမ်းတမ်းသော ခရီးလမ်းကို ကာလကြာရှည်စွာ ဖြတ်သန်းလာခဲ့ရပြီး တိုင်းရင်းသားညီအစ်ကိုအချင်း ချင်း သဘောထားမညီမျှမှုများကြောင့် ကရင်ပြည်နယ်သည် ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးခဲ့ရပါကြောင်း။
ယနေ့အချိန်တွင် ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရောင်ခြည်များ ရရှိခံစားနေရပြီး ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများလည်း ရရှိနေပြီဖြစ်ပါကြောင်း၊ ရရှိပြီးဖြစ်သော ငြိမ်းချမ်းရေးရလဒ်ကောင်းများကို ပိုမိုတိုးတက် ဖြစ်ထွန်းအောင် ဖော်ဆောင်ပြီး ငြိမ်းချမ်းရေးအမွေကို သားစဉ်မြေးဆက် ခံစားနိုင်အောင် စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်သွားကြရမည်ဖြစ်ပါကြောင်း။
ယခင်က အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်ရန် နှောင့်နှေးခဲ့ရသည့် ပြည်နယ်သူ၊ ပြည်နယ်သား များ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို ယခုအခါ အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်လျက်ရှိ သောကြောင့် ပြည်သူများအေးချမ်းစွာဖြင့် သွားလာနေထိုင်လုပ်ကိုင်နိုင်ကြပြီဖြစ်ပါကြောင်း။
ကျေးလက်ဒေသ ဖွံ့ဖြိုးမှုနှင့်ဆင်းရဲ နွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်များ ကိုလည်း အထောက်အကူပြု ကော်မတီများဖွဲ့စည်းပြီး နိုင်ငံတော်က တိုးချဲ့ချမှတ်ပေးသော ရန်ပုံငွေ များအပြင် နိုင်ငံတကာအဖွဲ့အစည်းများ၏ အထောက်အပံ့များကိုလည်း ရယူကာ ပြည်နယ်အတွင်း ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူကို ဗဟိုပြုသော အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများကို အစိုးရ ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများ ပူးပေါင်းပြီး ပွင့်လင်းမြင်သာစွာ အကောင်အထည်ဖော် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ကရင် တိုင်းရင်းသားတို့သည် ပင်ကိုအားဖြင့် ရိုးသားတည်ကြည် ခြင်း၊ သစ္စာရှိခြင်း၊ မေတ္တာတရား အစဉ်လက်ကိုင်ထားရှိခြင်း၊ ရိုင်းပင်းကူညီတတ်သည့် စိတ်ဓာတ်ရှိခြင်း စသည့် မွန်မြတ်သောဗြဟ္မစိုရ်တရား ပြည့်ဝသော လူမျိုးတစ်မျိုးအဖြစ် ထင်ရှားလျက်ရှိပါကြောင်း။
ကရင်တိုင်းရင်းသားများနှင့်အတူ အသီးတစ်ရာအညှာတစ်ခု ဆိုသကဲ့သို့ မြန်မာနိုင်ငံအတွင်း နှစ်ပေါင်း ထောင်ချီပြီး အေးအတူပူအမျှ နေထိုင်လာခဲ့ကြသော တိုင်းရင်းသား မျိုးနွယ်စုများသည် နေထိုင်ရာဒေသအလိုက် ယဉ်ကျေးမှုဓလေ့ထုံးတမ်း၊ ဘာသာစကား ကွဲပြားခြားနား သော်ငြား အနှစ်သာရအားဖြင့် တစ်သွေးတည်းတစ်သားတည်း တစ်အူထုံ့ဆင်း ညီအစ်ကိုများဖြစ်သည်နှင့် အညီ တိုင်းရင်းသားအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်နှင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အစဉ်အလာ ကောင်းများကိုလည်း ထာဝရတည်မြဲ နေရမည် ဖြစ်ပါကြောင်း။
ယခုအခါ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘက်စုံမှ တိုးတက်ပြောင်းလဲမှုများနှင့်အတူ နှစ်သစ်အခါသမယတွင် ကရင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများက ရရှိထားပြီးဖြစ်သော ဒေသတွင်းတည်ငြိမ်အေးချမ်းမှု၊ ငြိမ်းချမ်းသာယာ မှု၊ စည်းလုံးညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု အခြေခံကောင်းများကို ဆက်လက်ထိန်းသိမ်းသွားပြီး ရေရှည်တည်တံ့ ခိုင်မြဲ၍ စဉ်ဆက်မပြတ် တိုးတက်ဖြစ်ထွန်းရေးအတွက် ပြည်ထောင်စု စိတ်ဓာတ်သည်သာလျှင် တိုင်းရင်းသားအားလုံး ထာဝစဉ်ထိန်းသိမ်းစောင့် ရှောက်ရမည့် စစ်မှန်သော မျိုးချစ် စိတ်ဓာတ်ဖြစ်ကြောင်း ခံယူကာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို အစဉ်အလေးထားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ကရင်ပြည်နယ်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်သော ပြည်နယ်တစ်ခုဖြစ်အောင် ပြည်နယ် အတွင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများအားလုံးက စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အခမ်းအနား သဘာပတိ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောအောင်ကျော်မင်းက ကရင် အမျိုးသားနှစ်သစ်ကူးနေ့ နှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် ကရင်ပြည်နယ် ပညာရေးကောလိပ်မှ ကျောင်းသား ကျောင်းသူလေးများက ကရင်အမျိုးသား နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံ အကျဉ်းအား မြန်မာဘာသာ၊ ပိုးဘာသာ၊ စကောဘာသာတို့ဖြင့် ဖတ်ကြားတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ဂုဏ်ပြုခံအထင်ကရ သက်ကြီးကရင် အဘိုးအဘွားများအား ဂုဏ်ပြု လက်ဆောင်များ ပေးအပ်သည်။
ဆက်လက်၍ ကရင်သက္ကရာဇ် ၂၇၅၅ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားသို့ ပေးပို့လာသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ သဝဏ်လွှာကို မှတ်တမ်းတင်သည်။
ယင်းနောက် တက်ရောက်လာကြ သူများက ဘင်ခရာအဖွဲ့နှင့်အတူ စည်းလုံးခြင်းသည် အင်အားဟု အဓိပ္ပာယ်ရသော သီချင်းကိုသီဆို၍ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် အဆိုပါကွင်း၌ ဆက်လက်ကျင်းပသည့် ကရင်အမျိုးသားနှစ်သစ် ကူးနေ့ ဖီ့ဗူးယော် ကောက်သစ်စားပွဲတော်သို့ တက်ရောက်သည်။
ကောက်သစ်စား ပွဲတော်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌတို့က ငြိမ်းချမ်းရေးချိုးငှက်များ လွှတ်၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာကြသူများက ဖီ့ဗူးယော်ဆုတောင်းတေးသီချင်းကို သီဆိုကြသည်။
နိုင်ငံတော်သမ္မတသည် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီမှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့်အတူ ကောက်သစ်စားပွဲတော် အထိမ်းအမှတ်အဖြစ် ကရင်ရိုးရာအစား အသောက်များကို သုံးဆောင်ကြပြီး တက်ရောက်လာကြသည့် ဧည့်သည် တော်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ကရင်နှစ်သစ်ကူးနေ့အဖြစ် ပြာသိုလဆန်း ၁ ရက်နေ့ကို တရားဝင်ရုံး ပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် ကရင်အမျိုးသားလွှတ်တော်အမတ်များက ၁၉၃၇ ခုနှစ်မှ စတင်၍ ဗြိတိသျှအစိုးရထံ တောင်းဆိုခဲ့ကြပြီး တောင်ငူအမတ် စောဂျွန်ဆင်ဒီဖိုးမင်း က ၁၉၃၇ ခုနှစ် သြဂုတ် ၂ ရက်နေ့တွင် အဆိုကို လက်မှတ်ရေးထိုးကာ ဥပဒေပြုအောက်လွှတ်တော်သို့ တင်သွင်းခဲ့သည်။
ထို့နောက် ဘုရင်ခံက(Negotiable Instrument Act)အရ အများပြည်သူ အစိုးရရုံးပိတ်ရက်အဖြစ် ၁၉၃၈ ခုနှစ် ဇန်နဝါရီ ၁ ရက် (မြန်မာသက္ကရာဇ် ၁၂၉၉ ခုနှစ် ပြာသို လဆန်း ၁ ရက်နေ့)တွင် ထုတ်ပြန် ကြေညာခဲ့သည်။
ထိုမှစ၍ နှစ်စဉ် ပြာသိုလဆန်း ၁ ရက်နေ့ရောက်တိုင်း ကရင်နှစ်သစ်ကူး နေ့ကို ကျင်းပခဲ့ကြခြင်းဖြစ်သည်။
ကောက်ဦးစားပွဲ နှစ်သစ်ကူးခြင်းကို ရည်ရွယ်ချက်အားဖြင့် သုံးရပ် ထားရှိကြောင်း သိရသည်။ ပထမ ရည်ရွယ်ချက်မှာ တောင်ယာလုပ်ငန်း ထုတ်လုပ်မှုကို အားဖြည့်ပေးခြင်း၊ ကူညီစောင့်ရှောက်ခြင်းပြုသော စပါးစောင့်နတ်သမီးနှင့် နတ်ကောင်းနတ်မြတ်များအား ပူဇော်ပသခြင်းနှင့် နှစ်ဆန်းအချိန်ခါတွင် နှစ်ဟောင်းမှ မကောင်းသော ကြံစည်စိတ်ကူး လုပ်ရပ်များ၊ အညစ်အကြေးများကို ဆေးကြောဖယ်ရှား၍ သစ်လွင်သော နှစ်သစ်ကို မွန်မြတ်သောစိတ်ဓာတ်ဖြင့် ကြိုဆိုခြင်းပြုရန်ဖြစ်သည်။
ဒုတိယရည်ရွယ်ချက်မှာ နှစ်သစ်ကူး ကျရောက်၍ ကောက်ဦးစားပွဲ ကျင်းပရာမှ တွေ့ဆုံကြခိုက်တွင် စားသောက် နေထိုင်မှု၊ နောင်အခါများအတွက် လုပ်ကိုင်စားသောက်မှုတို့ကို အချင်း ချင်းညှိနှိုင်းအကြံပေးခြင်း၊ အချင်းချင်း ကူညီပေးမှုများပြုခြင်းဖြစ်ပြီး တတိယရည်ရွယ်ချက်မှာ ကောက်ဦးစားပွဲကို တပျော်တပါးဆင်နွှဲ၍ အချင်းချင်း သွေးစည်းချစ်ကြည်မှုကို တိုးတက် တည်ဆောက်နိုင်ရန် ဖြစ်ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ကရင်ပြည်နယ် ယဉ်ကျေးမှုပြတိုက်သို့ ရောက်ရှိပြီး ပြတိုက်အတွင်း ခင်းကျင်း ပြသထားသည့် ကျောက်၊ သံနှင့် ကြေး ခေတ်ယဉ်ကျေးမှုများ၊ ပျူ၊ ပုဂံ၊ ဟံသာဝတီနှင့် ကုန်းဘောင်ခေတ် ယဉ်ကျေးမှုများ၊ စာပေပြခန်း၊ တိုင်းရင်းသားမျိုးနွယ်စုပြခန်း၊ ရိုးရာ ဓလေ့ပြခန်း၊ ဗုဒ္ဓအနုပညာပြခန်းနှင့် ရှေးဟောင်းအမွေအနှစ် ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော် သမ္မတနှင့်အဖွဲ့သည် ဘားအံတက္ကသိုလ်၌ ဘားအံတက္ကသိုလ်၊ အစိုးရ နည်းပညာတက္ကသိုလ်၊ အစိုးရကွန်ပျူတာတက္ကသိုလ်၊ ပညာရေးကောလိပ်၊ သူနာပြုသင်တန်းကျောင်း၊ စက်မှုအထက်တန်းကျောင်းနှင့် စိုက်ပျိုးရေး အထက်တန်းကျောင်းတို့မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း ပြည်သူ့ဆန္ဒနှစ်ရပ်ဖြစ်သည့် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့မှု အခြေအနေနှင့် ရရှိခဲ့သည့်အောင်မြင် မှုများ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့ပြီးနောက် ပြည်သူက ရွေးချယ်သည့် အစိုးရသစ်အား တည်ငြိမ်အေးချမ်းစွာ တာဝန် လွှဲပြောင်းနိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ပညာရေးကဏ္ဍကသာ ဖြည့်ဆည်းပေးနိုင်သည့်အတွက် ကျောင်းသား ကျောင်းသူများကို ပညာတတ်အောင်၊ မိမိဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာကို အသုံးချတတ်အောင် သင်ကြားပေးရန် လိုအပ်မှု၊ ကျောင်းသား ကျောင်းသူများကို စည်းကမ်းကောင်းအောင်၊ ကိုယ်ကျင့်တရား ကောင်းအောင်၊ ပြည်ထောင်စုစိတ်ဓာတ်ရှိအောင် သင်ကြားပေးရန် လိုအပ်မှုများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဘားအံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည့် မြရွှေဝါကျောင်းဆောင် သစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် မြရွှေဝါ ကျောင်းဆောင်သစ်ကို ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ ပြည်နယ်ခေတ္တ ဝန်ကြီးချုပ် ဦးစောဝင်းထိန်နှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဦးချစ်လှိုင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြ သည်။
ယင်းနောက် နိုင်ငံတော်သမ္မတက မြရွှေဝါကျောင်းဆောင်သစ်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့ တက်ရောက်လာသည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ တိုင်းရင်းသား တိုင်းရင်းသူများနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ကျောင်းဆောင်သစ်အတွင်း လှည့်လည် ကြည့်ရှုသည်။
ယနေ့ဖွင့်လှစ်လိုက်သည့် မြရွှေဝါ ကျောင်းဆောင်သစ်သည် အလျားပေ ၁၃ဝ၊ အနံပေ ၃ဝ၊ အာစီကွန်ကရစ်နှစ်ထပ်ကျောင်းဆောင်သစ်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာန ရန်ပုံငွေကျပ်သန်း ၁၄ဝ ဒသမ ၄ဝဝ အကုန်ကျခံတည် ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ညနေပိုင်းတွင် နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ရွှေယဉ်မျှော်ဘုရားသို့ သွားရောက်ဖူးမြော် ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်းသည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် ပြည်နယ်ခေတ္တဝန်ကြီးချုပ်က ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ် တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။
ညစာစားပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် ဖျော်ဖြေတင်ဆက်ကြသည့် ဘားအံမြို့နယ် ဂီတအစည်း အရုံးဝင်များနှင့် ဘားအံပညာရေး ကောလိပ်မှ သင်တန်းသား သင်တန်းသူများအား ဂုဏ်ပြုပန်းခြင်းပေးအပ်ပြီး တစ်ဖွဲ့လျှင် ငွေကျပ် ၂၅ သိန်းစီ ပေးအပ်ချီးမြှင့်သည်။
(သတင်းစဉ်)
No comments:
Post a Comment