Tuesday, January 12, 2016

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို




The Mirror Daily's photo.
နေပြည်တော် ဇန်နဝါရီ ၁၁

ကရင်ပြည်နယ် ဘားအံမြို့၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးစိုးသိန်း၊ ဦးခင်မောင်စိုး၊ ဦးကျော်လွင်၊ ဒေါက်တာသန်းအောင်၊ ဦးရဲထွဋ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်မင်းနောင်တို့နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရဟတ်ယာဉ်များဖြင့် ဘားအံမြို့မှ မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ မုဆိုးတောင်သို့ရောက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်အား သွားရောက်ဖူးမြော်ရာ ဒေသခံပြည်သူများနှင့် တိုင်းရင်းသား တိုင်းရင်းသူလေးများက ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အတီးများဖြင့် လမ်းဘေးဝဲ၊ ယာတစ်လျှောက်မှ ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်အား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာနှင့် ရွှေသင်္ကန်းတို့ကို ဆက်ကပ်လှူဒါန်းကာ ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ ရောက်ရှိစဉ် နိုင်ငံတော်သမ္မတသည် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များအား တွေ့ဆုံပြီး ကျိုက်ထီးရိုးစေတီတော် ရင်ပြင်ပေါ်တွင် နောက်ထပ်ဟိုတယ်များ၊ တည်းခိုခန်းများ၊ ဈေးဆိုင်များ၊ လူနေအိမ်များ တိုးချဲ့ဆောက်လုပ်ခြင်းမပြုရန်၊သဘာဝဘေးဒဏ်ကြောင့် မြေပြိုမှုများ မဖြစ်စေရေးအတွက် အဆောက်အအုံများ၏ ကြံ့ခိုင်မှုများကို စစ်ဆေးရန်၊ မြေထိန်းနံရံများတည်ဆောက်သင့်က တည်ဆောက်ရန်၊ ကင်မွန်းစခန်း ပတ်ဝန်းကျင်တွင် ဟိုတယ်များ၊ တည်းခိုခန်းများ၊ အခမဲ့တည်းခိုနိုင်သည့် ဇရပ်များဆောက်လုပ်ပေးပြီးဘုရားဖူးခရီးသည်များ ရင်ပြင်ပေါ်တွင် အိပ်စက်ရန်မလိုဘဲ အေးချမ်းစွာ ဘုရားဖူးနိုင်အောင် စီစဉ်ပေးရန်၊ ကျိုက်ထီးရိုးစေတီတော် ရင်ပြင်ပေါ်ရှိ ဟိုတယ်များ၊ တည်းခိုခန်းများ၊ ဈေးဆိုင်များ သန့်ရှင်းသပ်ရပ်ရေး၊ ဝန်ဆောင်မှု ကောင်းမွန်စေရေးအတွက် ကြီးကြပ်ဆောင်ရွက်ရန်၊ ဘုရားဖူးခရီးသည်များပြားသည်နှင့်အမျှ အညစ်အကြေးနှင့် အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး စီမံဆောင်ရွက်ရန်၊ ကျိုက်ထီးရိုးစေတီတော်နှင့် ပတ်ဝန်းကျင်ဒေသများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေး၊ စိမ်းလန်းစိုပြည်ရေးတို့အတွက် ပြည်နယ်အစိုးရနှင့် ဂေါပကအဖွဲ့တို့ ပူးပေါင်းပြီး အဖွဲ့ဖွဲ့စည်းဆောင်ရွက်ရန်၊ စိတ်ပါဝင်စားပြီး ကူညီလိုသည့် အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန်၊ ဂေါပကအဖွဲ့ရန်ပုံငွေများကို စနစ်တကျ စိစစ်သုံးစွဲရန်နှင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန်၊ ကျိုက်ထီးရိုးပတ်ဝန်းကျင်ရှိ သစ်တောများကို စနစ်တကျထိန်းသိမ်းထားရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ရဟတ်ယာဉ်များဖြင့် ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာကြသည်။
(သတင်းစဉ်)

No comments:

Post a Comment