Tuesday, January 12, 2016

(12.1.2016) ကြေးမုံစာတည်း ရှုထောင့်

ငြိမ်းချမ်းသော ပန်းခင်းလမ်း
=================

လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာသော နိုင်ငံရေးမတည်ငြိမ်မှုများ၏နောက်ဆက်တွဲဂယက်ဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခြင်း၏ဆိုးမွေကို တိုင်းရင်းသားပြည်သူများ လက်တွေ့ခံစားခဲ့ရပြီးဖြစ်သည်။လွတ်လပ်ရေးရပြီးစကာလက ရန်ကုန်အစိုးရဟု ခေါ်ဆိုရလောက်အောင် နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်ခဲ့ခြင်းသည် အယူအဆကွဲ၊ ဝါဒကွဲ၊ ယုံကြည်ချက်ကွဲလွဲခဲ့ခြင်းတို့ကို အကြောင်းခံခဲ့သည်။ တစ်နည်းဆိုလျှင် စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ခြင်းလည်းဖြစ်သည်။
အမှန်တကယ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတည်းဟူသော တစ်မိုးအောက်တွင် တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးတို့သည် နှစ်ပေါင်း ထောင်ချီကာမရှိအတူ၊ ရှိအတူ အတူတကွ အေးချမ်းသာယာစွာနေထိုင်ခဲ့ကြသည် မဟုတ်ပါလော။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူအပေါင်းတို့၏ တူညီသောဆန္ဒမှာ အေးအတူပူအမျှ ညီညွတ်မျှတစွာ အတူတကွနေထိုင်လိုကြခြင်းသာဖြစ်မည်။
ပြဿနာတစ်ရပ်ကို လက်နက်ကိုင်ဖြေရှင်းခြင်းသည် စက်ဆုပ်ဖွယ်ကောင်းပြီး မေတ္တာတရားဖြင့် ဖြေရှင်းခြင်းသည်သာ စိတ်နှလုံးချမ်းမြေ့ဖွယ် ကောင်းသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော် စုစည်းနေထိုင်ကြရာ၌ ရေမြေသဘာဝကွဲပြားမှုနှင့် ဓလေ့ထုံးစံခြားနားမှုတို့သည် သဘာဝအခြေအနေသာဖြစ်ပြီး လူသားအားလုံး၏ တူညီသောစိတ်ဆန္ဒမှာ ငြိမ်းချမ်းရေးနှင့်မေတ္တာတရားသာဖြစ်သည်။
သို့သော် တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေးနှင့်အလှမ်းဝေးနေသည်မှာ နှစ်ပေါင်း ၆ဝ ကျော်ပြီဖြစ်သည်။ လူ့ဘဝ၏သက်တမ်းတစ်နှစ်စာမျှ မငြိမ်းချမ်းခြင်း၏ ခါးသီးသောအတွေ့အကြုံများ၊ ခံစားမှုများကို သင်ခန်းစာယူ ကြရတော့မည်ဖြစ်သည်။ မငြိမ်းချမ်းသော ပဋိပက္ခများချုပ်ငြိမ်းရန်နှင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများ အတူတကွယှဉ်တွဲနေထိုင်နိုင်ရန်အတွက် ညီညီညွတ်ညွတ် လက်တွဲဖော်ဆောင်ရမည့် အချိန်အခါကောင်းလည်း ဖြစ်သည်။
ခက်ခဲကြမ်းတမ်းသည့် ဆူးခင်းလမ်းကို ကာလရှည်ကြာစွာ ဖြတ်သန်းလာခဲ့ ရခြင်းသည် တိုင်းရင်းသားညီအစ်ကိုအချင်းချင်းကြား သဘောထားမညီမျှမှုကြောင့် လက်နက်ကိုင်ပဋိပက္ခများ မရပ်စဲနိုင်သေးခြင်းဖြစ်သည်။ မငြိမ်းချမ်း ခြင်းသည် ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေသည်။ လူ့ဘဝသက်တမ်းတစ်ခုမျှ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့ခြင်း၏အကျိုးဆက်အဖြစ် အိမ်နီးချင်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုများနှင့် ကွာဟစေခဲ့သည်။
နှစ်ပေါင်း ၄ဝ ဝန်းကျင်ကာလက တစ်တိုင်းပြည်လုံး လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားခဲ့ပြီး တိုင်းပြည်ပျက်စီးခဲ့ရသည့် အရှေ့တောင်အာရှမှ နိုင်ငံအချို့သည် လက်နက်ကိုင်ပဋိပက္ခကို ချုပ်ငြိမ်းစေပြီး ငြိမ်းချမ်းမှုကို တည်ဆောက်နိုင်သောကြောင့် မျက်မှောက်ကာလတွင် မိမိတို့နိုင်ငံနှင့် ရင်ပေါင်တန်းနိုင်ရုံသာမက ကျော်လွန်အောင်ပင် ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်သည်။ ဤသည်ကိုလည်း သင်ခန်းစာယူသင့်သည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆ဝ မျှ မဖြေရှင်းနိုင်ခဲ့သော မငြိမ်းချမ်းသော ပဋိပက္ခများကို ယနေ့ဖြေရှင်းနိုင်တော့မည်ဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခ များ အဆုံးသတ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများကို မျက်မှောက်ကာလတွင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။ ရလဒ်အဖြစ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် မည်မျှအရေးပါသည်ကို သက်သေသာဓကများ အဖြစ်လည်း မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ ရရှိပြီးသောတည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားပြည်သူအားလုံး ကောင်းစားရေးအတွက် အားလုံးလက်တွဲ ကြိုးပမ်းဖော်ဆောင်သွားကြရန် လိုအပ်ပါသည်။
သို့ဖြစ်ရာ ရရှိထားပြီးဖြစ်သော တည်ငြိမ်အေးချမ်းမှု၊ စည်းလုံးညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုအခြေခံကောင်းများနှင့်အတူ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ဦးတည်သွားရာတွင် ငြိမ်းချမ်းသော ပန်းခင်း လမ်းပေါ်၌ အတူတကွလျှောက်လှမ်းကြဖို့ တိုက်တွန်းအပ်ပါသည်။ ။

No comments:

Post a Comment