Monday, January 11, 2016

လျှပ်စစ်ရထား ရန်ကုန်မြို့၌ စတင်ပြေးဆွဲ


The Mirror Daily's photo.
သတင်း - သီသီမင်း၊ ဓာတ်ပုံ - ခင်မောင်ဝင်း(ကြေးမုံ)
ခရီးသွားပြည်သူများ သက်သောင့်သက်သာ သွားလာနိုင်ရန်နှင့် ယာဉ်ကြောကျပ်တည်းမှု ဖြေလျှော့နိုင်ရန် ရန်ကုန်မြို့ ကမ်းနားလမ်းတစ်လျှောက် လျှပ်စစ်ရထား (TRAM) စတင်ပြေးဆွဲခြင်းအခမ်းအနားကို ယနေ့နံနက် ၇ နာရီက ကမ်းနားလမ်းရှိ ဝါးတန်းဘူတာတွင် ကျင်းပခဲ့သည်။
ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့နိုင်စေရန်နှင့် ခရီးသွားပြည်သူများ သက်သောင့်သက်သာ သွားလာနိုင်စေရန်၊ ကားလမ်းပေါ်တွင် လျှပ်စစ်ရထား(TRAM)ပြေးဆွဲခြင်းဖြင့် ပြည်သူများ ကားနှင့်ရထား ဆက်စပ်အသုံးပြုခြင်းကို ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်၊ ဒီဇယ်ရထားများ အသုံးပြုခြင်းစနစ်မှ လျှပ်စစ်ရထားအသုံးပြုခြင်းစနစ်သို့ ကူးပြောင်းရန်အတွက် နည်းပညာကျွမ်းကျင်မှုများရရှိရန်နှင့် အနာဂတ်တွင် လျှပ်စစ်ရထားကွန်ရက်ကို တိုးချဲ့ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အဆိုပါအခမ်းအနားမှ သိရသည်။
လမ်းမတော်(၃)လမ်းတွင်နေထိုင်သူ မခင်ချိုသန်းက ''ကျွန်မတို့ မိသားစု မှာ ကလေးတွေလည်းရှိတယ်။ ဗိုလ်တထောင်ဘက်ကို ဘုရားသွားဖူးတာတို့၊ အလည်သွားတာတို့ဆို လမ်းမတော်မှာနေတော့ ကားက ကလေးတွေအတွက် ကျပ်မှာပေါ့။ ဒီရထားကျတော့ သက်သောင့်သက်သာနဲ့ အဆင်ပြေတယ်။ ကိုယ်သွားချင် တဲ့ခရီးကို အချိန်တိုအတွင်းမှာ အဆင်ပြေပြေသွားနိုင်တဲ့အပြင် ကားလမ်းပိတ်မှာလည်း မပူရတော့ဘူး'' ဟု ပြောသည်။
ရန်ကုန်မြို့တွင်း မြို့ပတ်ရထားစီးခရီးသည်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် ပုဇွန်တောင်နှင့် ထော်လီ ကွေ့ကြား ကမ်းနားလမ်းပိုင်းတွင် RBE လူစီးရထားကို စတင်ပြေးဆွဲပေးခဲ့ပြီး ယခု ၂ဝ၁၆ ခုနှစ်တွင် ကမ်းနားလမ်း တစ်လျှောက် TRAM လျှပ်စစ်ရထားပြေးဆွဲခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အဆိုပါအခမ်းအနားမှ သိရသည်။
ရထားစီးခရီးသည်များ ယာဉ်အန္တရာယ် ကင်းရှင်း စေရန်အတွက် မော်တင်၊ ကီလီ၊ စဥ့်အိုးတန်းနှင့် ပန်းဆိုးတန်း နေရာများတွင် လူကူးမျဉ်းဝါများဆောင်ရွက်ပေးထားကြောင်း၊ နောက်ပိုင်းတွင် မီးပွိုင့်တပ်ဆင်နိုင်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ တင်ပြထားပြီး ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား(အောက်မြန်မာပြည်) အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောသည်။
''ရထားလမ်းပြေးဆွဲတဲ့နေရာက လူနေထိုင်တဲ့ ရပ်ကွက် နဲ့ဆိုရင် ပြောင်းပြန်ဘက်ခြမ်းမှာရှိနေတယ်။ ကြားမှာ ကားပြေးတဲ့ လမ်းမကြီးနှစ်ခုကလည်းရှိနေတော့ ရထားကို လာစီးရင် ဒီလမ်းနှစ်ခုကိုဖြတ်ကျော်ပြီး လာရမှာဖြစ်တဲ့ အတွက် အန္တရာယ်ရှိတယ်လို့ယူဆရတယ်။ ဂျပန်ကို နမူနာ ယူမယ်ဆိုရင်တော့ ဘူတာတွေရှိတဲ့နေရာတွေမှာ မီးပွိုင့် တွေ တပ်ဆင်ပေးတာမျိုးလုပ်ပေးရမယ်။ ဒါမှ ရထားစီး ခရီးသည်တွေအတွက် အန္တရာယ်ကင်းပြီး အဆင်ပြေမယ်'' ဟု JIC ကုမ္ပဏီမှ ဂျပန်နိုင်ငံသား မစ္စတာ အန်နိုမိုတိုက သုံးသပ်ပြောကြားသည်။
ရန်ကုန်မြို့ ကမ်းနားလမ်းတစ်လျှောက် လျှပ်စစ်ရထား ပြေးဆွဲခြင်းကို ဝါးတန်းဘူတာမှ လင်းစဒေါင်းဘူတာထိ ပြေးဆွဲသွားမည်ဖြစ်ပြီး တစ်နေ့လျှင် ခရီးစဉ် ခြောက်ခေါက်နှုန်းဖြင့် နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီထိ ပြေးဆွဲသွားမည် ဖြစ်ကာ လက်မှတ်ခနှုန်းထားမှာ တစ်စောင်လျှင် ငွေကျပ် ၁ဝဝ ဖြစ်ကြောင်း သိရသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ပို့ဆောင်ရေးဝန်ကြီး ဌာနနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး Mr. Tateshi Higuchi၊ ရထားပို့ဆောင် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဇော်မင်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment