ဆိုးလ် ဇန်နဝါရီ ၁ဝ
အမေရိကန်ပြည်ထောင်စုသည် ယင်း၏မဟာမိတ် တောင်ကိုရီးယားနိုင်ငံ၏ ဝေဟင်အတွင်း ဘီ-၅၂ ဗုံးကြဲလေယာဉ်တစ်စင်းကို အနိမ့်ပျံသန်းမှုခရီးစဉ်ဖြင့် ပျံသန်းစေကာ အင်အားပြသခဲ့ကြောင်း၊ မြောက်ကိုရီးယားက ပြီးခဲ့သည့်ရက်သတ္တပတ်က နျူကလီးယားစမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် စစ်အင်အားပြသခြင်းဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
ဇန်နဝါရီ ၆ ရက်က ပြုလုပ်ခဲ့သည့်စမ်းသပ်မှုမှာ ဟိုက်ဒရိုဂျင်ဗုံးစမ်းသပ်မှုဖြစ်ပြီး နျူကလီးယားစစ်ပွဲ ဆင်နွှဲရန် အမေရိကန်၏ခြိမ်းခြောက်မှုကို တန်ပြန်နိုင်ရေးအတွက် မိမိကိုယ် မိမိကာကွယ်မှုဆောင်ရွက်ချက်တစ်ရပ်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားသည်။
မြောက်ကိုရီးယားက စတုတ္ထမြောက် နျူကလီးယားစမ်းသပ်မှုပြုလုပ်ခြင်းကြောင့် ယင်း၏ မဟာမိတ် တရုတ်နိုင်ငံအပြင် အမေရိကန်ပြည်ထောင်စုပါ ဒေါသအမျက်ထွက်ခဲ့ရသည်။
ဂူအမ်ကျွန်းအခြေစိုက် အမေရိကန် ဘီ-၅၂ ဗုံးကြဲလေယာဉ်ကြီးသည် နျူကလီးယား လက်နက်သယ်ဆောင်နိုင်စွမ်းရှိသည်။ ဒေသစံတော်ချိန် မွန်းတည့်ချိန်တွင် တောင်ကိုရီးယား အိုဆန်လေတပ်စခန်း၏ ဝေဟင်အတွင်း အနိမ့်ပျံသန်းခဲ့သည်ကို တွေ့မြင်ခဲ့ကြရသည်။
အဆိုပါ ဗုံးကြဲလေယာဉ်ကို အမေရိကန်နှင့် တောင်ကိုရီးယားတိုက်လေယာဉ်နှစ်စင်းက ခြံရံလိုက်ပါလာခဲ့သည်။
တောင်ကိုရီးယားလေတပ်စခန်း၏ ဝေဟင်အထက်တွင် အနိမ့်ဝဲပျံနေခဲ့ပြီးနောက် ဂူအမ်ကျွန်းသို့ ပြန်လည်ထွက်ခွာသွားကြောင်း အမေရိကန် စစ်ဘက်ဆိုင်ရာ ကြေညာချက်တွင် ဖော်ပြသည်။
ရိုက်တာ။
No comments:
Post a Comment