ရန်ကုန် ဇန်နဝါရီ ၁ဝ
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ မြို့တော်အသံလွှင့် ဌာန(CITY FM)၏ (၁၄)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ဇန်နဝါရီ ၉ ရက် ည ၇ နာရီခွဲက မရမ်းကုန်း မြို့နယ် မင်းဓမ္မလမ်းရှိ(MCC)၌ ကျင်းပရာ ၂ဝ၁၅ ခုနှစ်အတွင်း ရောင်းအားအကောင်းဆုံး မြန်မာသံစဉ်တေးစီးရီးဆု၊ စတီရီယိုတေးစီးရီးဆုနှင့် ရေပန်းအစားဆုံးပရိသတ် တေးသီချင်းတောင်းဆိုမှုအများဆုံး ဆုရရှိသူများကို ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က တက်ရောက်၍ (CITY FM)၏ ရွှေစင်ရုပ်တုများကို တစ်ဦးချင်းစီ ချီးမြှင့်ပေးသည်။
အခမ်းအနားတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဦးကျော်စိုးက ဂုဏ်ပြုအမှာစကားပြောကြားပြီး ၂ဝ၁၅ ခုနှစ် ကြော်ငြာအများဆုံးထည့်သွင်းသည့် ကြော်ငြာလုပ်ငန်းအေဂျင်စီ Galanz Cosmetic နှင့် စီးပွားရေးလုပ်ငန်းရှင် Sound Impact တို့အား ဂုဏ်ပြုဆု များချီးမြှင့်ပေးပြီး ရွှေနေခြည်ကုမ္ပဏီ က ရွှေပြားများ ထပ်မံချီးမြှင့်ပေးသည်။
ထို့နောက် တေးသံရှင်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြသည်။
ဆက်လက်၍ တေးဂီတဆုရသူ အနုပညာရှင်များဖြစ်ကြသော ၂ဝ၁၅ ခုနှစ် ရောင်းအားအကောင်းဆုံး မြန်မာအသံတေးစီးရီးသီဆိုသူ အမျိုးသမီးတေးသံရှင်ဆုရ မေသက်ထားဆွေ၊ အမျိုးသားတေးသံရှင်ဆုရ ဝိုင်းလမင်းအောင်နှင့် မြန်မာသံတေးစီးရီးထုတ်လုပ်ဆု TNW တေး ထုတ်လုပ်သူတို့အား လည်းကောင်း၊ ရောင်းအားအကောင်းဆုံး စတီရီယို တေးစီးရီးသီဆိုသူ အမျိုးသမီး တေးသံရှင် နီနီခင်ဇော်၊ အမျိုးသားတေးသံရှင် ဝေလနှင့် စတီရီယို တေးစီးရီးထုတ်လုပ်သူဆု H&M တေးထုတ်လုပ်ရေးတို့အား လည်းကောင်း၊ ရေပန်းအစားဆုံးနှင့် ပရိသတ်တောင်းဆိုမှုအများဆုံးဆု တေးသံရှင် နီနီခင်ဇော်နှင့် အမျိုးသားတေးသံရှင် ရဲရင့်အောင်တို့အားလည်းကောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က CITY FM ၏ ရွှေစင်ရုပ်တုကို တစ်ဦးချင်းစီ ဂုဏ်ပြုပေးအပ်ချီးမြှင့်ပြီး ရွှေနေခြည်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးကိုကိုဇေယျာဖြိုးတို့က ထပ်မံ၍ ရွှေပြားများဖြင့် ဂုဏ်ပြုပေးအပ် ချီးမြှင့်ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။
(သတင်းနှင့်ဓာတ်ပုံ-စောသိန်းဝင်း)
No comments:
Post a Comment