Sunday, January 31, 2016

အက်ဖ်အေဖလား စတုတ္ထအဆင့် မန်ယူတို့ ဂိုးပြတ်အနိုင်ရ

သီဟ-ရေးသည်

အင်္ဂလန် အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ အစောဆုံးပွဲစဉ်ဖြစ်သည့် ဒါဘီနှင့်မန်ယူတို့ပွဲကို ဇန်နဝါရီ ၃ဝ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ခဲ့ပြီး မန်ယူအသင်း သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

အင်္ဂလန်နိုင်ငံ၏ သက်တမ်းရင့် ဖလားတစ်လုံးဖြစ်သည့် အက်ဖ်အေ ဖလားပြိုင်ပွဲကို ၁၈၇၁ ခုနှစ်တွင် စတင်ခဲ့ပြီး အအောင်မြင်ဆုံးအသင်း မှာ အာဆင်နယ်အသင်းဖြစ်ကာ ၁၂ကြိမ် ဖလားရရှိထားသည်။
စတုတ္ထအဆင့်သို့ တက်ရောက် လာသည့် ဒါဘီအသင်းသည် ချန်ပီယံ ရှစ်တွင် အဆင့်(၅)၌ ရပ်တည်နေ ပြီး မန်ယူသည်လည်း ပရီမီယာလိဂ် တွင် အဆင့်(၅)၌ ရပ်တည်နေသည့် အသင်းဖြစ်သည်။
ယင်းပွဲတွင် ဒါဘီအသင်းသည် ၄-၁-၄-၁ ကစားကွက်ဖြင့် မာတင်၊ ဂျွန်ဆင်၊ ဘက်တာဖီးလ်၊ သောမတ်စ် အင်ဆီ၊ သော်နီ၊ ဘလက်မန်း၊ ရှက်ကဲလ်၊ ရစ်ချတ်ကော့၊ ခရစ္စတီး၊ ဝါးနော့စ်နှင့် ဂိုး-စကော့ကာဆန်တို့ ပါဝင်ခဲ့သည်။ ဖိအားများဖြင့် ရင်ဆိုင်နေရသည့် နည်းပြဗန်ဟားလ် ၏ မန်ယူအသင်းသည် ၄-၂-၃-၁ ကစားကွက်ဖြင့် ပွဲထွက်လာခဲ့သည်။ ပွဲထွက်လူစာရင်းတွင် ရွန်းနီ၊ မာတာ၊ လင်ဂတ်၊ ဖယ်လိုင်နီ၊ ရှနိုက်ဒါလင်၊ မာရှယ်၊ ဘလိုင်း၊ စမောလင်း၊ ဗာရီလာ၊ ဂျက်ဆန်နှင့် ဂိုး-ဒီဂီယာတို့ ပါဝင်ခဲ့သည်။

ပွဲချိန် ၁၆ မိနစ်တွင် တိုက်စစ်မှူး ရွန်းနီက မန်ယူအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့သည်။ ပွဲချိန် ၃၇ မိနစ်တွင် သော်နီက ဒါဘီအတွက် ချေပဂိုး သွင်းယူခဲ့သည်။ ဒုတိယပိုင်း၌ မန်ယူ အတွက် အနိုင်ဂိုးများကို ၆၅ မိနစ် တွင် နောက်တန်းကစားသမား ဘလိုင်း က သွင်းယူခဲ့ပြီး ၈၃ မိနစ်တွင် ကွင်းလယ်ကစားသမား မာတာက သွင်းယူပေးခဲ့သည်။ ပွဲပြီးချိန်တွင် မန်ယူအသင်းသည် သုံးဂိုး-တစ်ဂိုး ဖြင့် အနိုင်ရကာ အက်ဖ်အေဖလား နောက်တစ်ဆင့်သို့ တက်ရောက်သွား ပြီဖြစ်သည်။
အက်ဖ်အေဖလားကို အများဆုံး ရရှိထားသည့် အာဆင်နယ်က ၁၂ ကြိမ် ၊ မန်ယူ ၁၁ ကြိမ်၊ စပါး ၈ ကြိမ်၊ လီဗာပူး၊ ချယ်လ်ဆီးနှင့် အက်စ်တွန် ဗီလာတို့က ၇ ကြိမ်စီဖြင့် အစဉ်လိုက် ရပ်တည်နေသည်။ အက်ဖ်အေဖလား ဗိုလ်လုပွဲကို မေ ၂၁ ရက်တွင် လန်ဒန် မြို့ ဝင်ဘလေကွင်း၌ ယှဉ်ပြိုင်မည်ဖြစ် ကြောင်း သိရသည်။

No comments:

Post a Comment