Saturday, January 2, 2016

ဆည်မြောင်း၊ တာတမံနှင့် စပါးခင်းများအတွင်း သို့ ငါးသန်ကောင်များစိုက်ထည့်




မုံရွာ ဇန်နဝါရီ ၁

တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ ငါးစားသုံးမှုဖူလုံမှုရှိစေရန်၊ ငါး
မျိုးများပြုန်းတီးမှုမရှိစေရေး၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ငါးမွေးမြူရေး
လုပ်ငန်းများကို တွဲဖက်လုပ်ကိုင်နိုင်ရေးအတွက် တိုင်းဒေသကြီး ငါး
လုပ်ငန်းဦးစီးဌာနမှ မြစ်ချောင်း၊အင်းအိုင်များ၊ ဆည်မြောင်း၊ တာတမံ
များ၊ ရေလှောင်ကန်ကြီးများ၊ သဘာဝရေပြင်များနှင့်စပါးခင်းများအတွင်း
သို့ နှစ်စဉ်ငါးမျိုးများစိုက်ထည့်ပေးလျက်ရှိကြောင်း သိရသည်။

''အဓိကအနေနဲ့ကတော့ သားငါး ကဏ္ဍ တိုးတက်စေရေးအတွက်ပါ။ အချို့စိုက်ပျိုးလို့ မဖြစ်ထွန်းနိုင်တဲ့ နေရာတွေ၊ ရေဝပ်မြေ၊ ရေနက်ကွင်း တွေနဲ့ မွေးမြူရေးရေပြင်တွေမှာ ငါးမွေးမြူရေးလုပ်ငန်းများကို တိုးတက်
အောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါမှာ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ငါးသားပေါက်နဲ့ နည်းပညာ တွေကို ပံ့ပိုးကူညီပေးလျက်ရှိပါတယ်။

နောက်တစ်ခုက စပါးခင်းများ အတွင်းငါးနဲ့ တွဲဖက်မွေးမြူခြင်းကို လည်း တောင်သူတွေကို တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်ထုတ်လုပ်နိုင်သည် အထိ နည်းပညာပေးလျက်ရှိပါတယ်''ဟု တိုင်းဒေသကြီးငါးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင်
ချောင်း၊ ဆည်၊ တာတမံများနှင့် စပါးခင်းများအတွင်းသို့ငါးသားပေါက်ငါးသန်ကောင်ရေ ၃၅ဒသမ၉၅ဝသိန်းကို မျိုးစိုက်ထည့်ပေးနိုင်ခဲ့ပြီး ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် မြစ်ချောင်း၊ တာတမံများအတွင်းသို့ ငါးသန်ကောင်ရေ ၂၅ ဒသမ ၉၅ဝ သိန်း၊ စပါးခင်းများအတွင်းသို့ ငါးသန်ကောင်ရေ ၃ ဒသမ ၁၅ သိန်း စုစုပေါင်း ငါးသန်ကောင်ရေ ၂၉ ဒသမ ၁ သိန်း မျိုးစိုက် ထည့်ပေးနိုင်ခဲ့ကြောင်း သိရ သည်။

ဖိုးချမ်း(မုံရွာ)

No comments:

Post a Comment