ရေတာရှည် ဇန်နဝါရီ ၁ဝ
ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ် ဆွာမင်းလမ်းကျေးရွာအုပ်စု တံတားကြီးကျေးရွာ မြောက်ဘက် ကပ်လျက်ရှိ ဆွာချောင်းထဲတွင် စစ်အတွင်းက တံတားအားဗုံးကြဲစဉ် ချောင်းအတွင်း ပြုတ်ကျနစ်မြုပ်သွား ခဲ့သော ကုန်တင်ရထားတွဲမှာ ချောင်းရေနည်းပြီး သဲသောင်များပေါ်လာချိန်တွင် ဘေးတိုက်အနေအထားဖြင့် ဘီးများပါ မြင်တွေ့ခဲ့ရသည်။
ရထားတွဲ ဘေးဘက်ခြမ်းတွင် သေနတ်ကျည်ဆန်ရာသုံးခုကို မြင်တွေ့ရပြီး စစ်အတွင်း၌ တံတားပေါ် ရထားဖြတ်သန်းချိန် ဗုံးကြဲလေယာဉ် များရောက်ရှိလာကာ ဗုံးများဆက်တိုက် ကြဲချခဲ့သည့်အတွက် တံတားသာမက ဖြတ်သန်းနေသည့် ရထားကိုပါ ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း တံတားကြီးကျေးရွာနေ သက်ကြီး ရွယ်အိုများ၏ပြောပြချက်အရ သိရသည်။ တံတားကြီးကျေးရွာတွင် စစ်အတွင်းကကြဲချခဲ့သည့် ဗုံးကျင်းကြီးများ ယခုထိတိုင်ရှိနေဆဲ ဖြစ်ပြီး ယင်းအချိန်က ရွာထဲ၌ တစ်ဦးတစ်ယောက်မျှ မနေရဲသဖြင့် တောထဲသို့ ပြေးလွှားပုန်းအောင်းနေကြရခြင်းဖြစ်ကြောင်း ကိုယ်တိုင် ကြုံတွေ့ရသူ အဘွားတစ်ဦးက ပြောသည်။
ယခင်ကတည်းက ရထားတွဲပျက်၏ တံခါးပိုင်းပေါ်နေသည့်သတင်းကြောင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများ လာရောက်စစ်ဆေးခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ဖော်ယူနိုင်ခြင်းမရှိခဲ့ပေ။ ''လာတော့ကြည့်ကြတယ်။ ဒါပေမယ့် ဖော်ရင် ကုန်ကျစရိတ် များမယ်။ နောက်တော့ တံတားအုတ်တိုင်ကို ထိခိုက်မယ်ဆိုပြီး မဖော်ဖြစ်ကြတာ။ တံတားနဲ့ဆိုရင် လှမ်းပါတယ်။ ထိခိုက်နိုင်မယ်မထင်ပါဘူး''ဟု တံတားကြီး ကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။
ကိုလွင်(ဆွာ)
No comments:
Post a Comment