Monday, January 11, 2016

ကြေးမုံ စာတည်း ရှုထောင့် (11.1.2016)


မီးဘေးရှောင်မလောင်ခင်တား
====================

''မီးဘေးရှောင် မလောင်ခင်တား'' ဟူသော ဝေါဟာရကို အဆိုကျော် ဦးထွန်းရွှေသီဆိုခဲ့သည့် မြန်မာ့အသံမှ မီးသတိပေးဆော်သြသည့် တေးသီချင်းမှတစ်ဆင့် ကြားသိလာခဲ့ရသည်။ မီးဘေးရှောင်လို့ မလောင်ခင် တားကြရမှာ ရန်သူထိုမီးကို မလောင်ခင်တားကြဖို့ တိုက်တွန်းနှိုးဆော်ထား ခြင်းဖြစ်သည်။
ထိုခေတ်ထိုကာလက ရန်ကုန်မြို့တွင် ကျူးကျော်နေအိမ်များနှင့် ဆင်ခြေဖုံးရပ်ကွက်များရှိပြီး ထင်းမီး၊ ရေနံဆီမီး စသည့်လောင်စာများမှ တစ်ဆင့် ဓနိမိုး၊ ထရံမိုးနေအိမ်များသို့ အလွယ်တကူ မီးကူးစက်လောင်ခဲ့ဖူးသည်။ ထို့ကြောင့် ရပ်ရွာများမီးဘေးမသင့်နိုင်အောင် အဆိုပါလောင်စာများအား တားဆီးကာကွယ်ကြဖို့ နှိုးဆော်အသိပေးထားခြင်းဖြစ်သည်။
ယနေ့ခေတ်ကာလတွင် မီးလောင်လွယ်သော ထိုလောင်စာများကို အသုံးမပြုကြတော့ပါ။ တိုးတက်လာသော ခေတ်ကာလနှင့်အတူဖြစ်ထွန်းလာသည့် လျှပ်စစ်မီး၊ ဂက်စ်မီးများကို အလွယ်တကူအသုံးပြုလာကြပါသည်။ ထိုလောင်စာများကို ပေါ့ပေါ့ဆဆအသုံးပြုလာကြသောကြောင့် ယနေ့ခေတ် မီးလောင်မှုများတွင် အဓိကလောင်စာများ ဖြစ်လာပါသည်။
ယခုနှစ်အဖို့ ပွင့်လင်းရာသီရောက်လာသည်နှင့် နိုင်ငံတစ်ဝန်းတွင် မီးလောင်မှုများ မကြာခဏဖြစ်ပွားလာသည်ကိုတွေ့ရသည်။ ဖြစ်ပွားရသည့် အကြောင်းအရင်းများတွင် အဆိုပါ လောင်စာများကြောင့်ပင် အများဆုံး မီးလောင်သည်ကို တွေ့ရသည်။ ထို့ကြောင့် မီးဘေးအန္တရာယ်ကင်းဝေးရေးအတွက် မီးလောင်နိုင်သော အဆိုပါလောင်စာများကို စည်းကမ်းတကျအသုံးမပြုပါက ဟန့်တားကြရမည်ဖြစ်သည်။
ပြီးခဲ့သည့်ရက်က ရန်ကုန်မြို့ မင်္ဂလာဈေးလေးထပ်ရှိ ဆေးပစ္စည်းနှင့် အလှကုန်ပစ္စည်းအလွှာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး အပေါ်ငါးထပ်ရှိ ဆိုင်အလွှာများပါ မီးကူးစက်လောင်ကျွမ်းခဲ့ရာ မီးလောင်ရာလေပင့်သည့်အပြင် မီးလောင်မှုကိုအားပေးသောလောင်စာများကြောင့် မီးလောင်မှုအဆင့် (၅) ဖြင့် အချိန်ကြာမြင့်စွာ မီးငြှိမ်းသတ်ခဲ့ရသည်။
၂ဝ၁ဝ ခုနှစ်ကလည်း အဆိုပါမင်္ဂလာဈေးတွင် ဝါယာရှော့ခ်ဖြစ်မှုကြောင့် မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ရပြီးနောက် ငါးနှစ်ကျော်အကြာတွင် ထပ်မံ၍ ကြီးမားစွာလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ ယခုမီးလောင်မှု၏ အကြောင်းအရင်းကို မသိရှိရသေးသော်လည်း မီးလောင်မှုကိုအားပေးနိုင်သော ပစ္စည်းများ၊ ဂက်စ် အိုးများက မီးလောင်မှုကို ကြီးထွားစေသည်။
ထို့ကြောင့် မီးမလောင်ရန်အတွက် ဦးစွာတားကြရမည်မှာ မီးလောင်မှုကို စတင်ဖြစ်စေနိုင်သော ပေါ့ဆမှုအမျိုးမျိုးနှင့် ဒုတိယတားကြရမည့်အချက်များ မှာ မီးလောင်မှုကို အားပေးစေသောပစ္စည်းများရှိပါက စနစ်တကျထားရှိ ရေးနှင့် သတ်မှတ်ထားသောနေရာတွင်ထားရှိရေးတို့ကို ပြုလုပ်ကြရ မည်ဖြစ်သည်။ အကယ်၍ မပြုလုပ်ပါကလည်း သက်ဆိုင်ရာက တားမြစ် ကြရမည်ဖြစ်သည်။ သို့မှသာ မီးလောင်မှုမှ ကင်းဝေးမည်ဖြစ်သည်။
အဆိုကျော်ဦးထွန်းရွှေ သီဆိုခဲ့သော မီးဘေးအန္တရာယ်သတိပေး တေးသီချင်းတွင် မလောင်ခင်တားရမည့်အချက်မှာ ထိုအချက်များဖြစ်သည်။ သို့သော် မတားနိုင်ခဲ့ကြသဖြင့် ယခုကဲ့သို့ မီးလောင်မှုကြီးကြီးမားမား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရာသီကာလအရ ရှေ့အဖို့တွင်လည်း ခြောက်သွေ့ရာသီဖြစ် သောကြောင့် မီးဘေးအန္တရာယ်ကို စိုးရိမ်နေရဦးမည်ဖြစ်သည်။
လူဦးရေထူထပ်သော၊ ကုန်ပစ္စည်းပေါများသော နေရာများတွင် မီးလောင်မှုကိုဖြစ်စေသောအရာများကို ကိုင်တွယ်အသုံးပြုသူများက စည်းကမ်းတကျ အသုံးပြုသင့်သည်။ မီးလောင်မှုကို ဖြစ်စေနိုင်သော၊ အားပေးနိုင်သော ပစ္စည်းများရှိပါကလည်း စနစ်တကျထားရှိခြင်း၊ သတ်မှတ် သောနေရာတွင် ထားရှိခြင်းများ ပြုလုပ်ကြရမည်ဖြစ်သလို မကြာမကြာလည်း စစ်ဆေးပေးကြရမည်ဖြစ်သည်။
သို့မှလည်း မီးဘေးအန္တရာယ်ကင်းဝေးမည်ဖြစ်သည်။ မီးဘေး အန္တရာယ်ကင်းဝေးအောင်လည်း မလောင်ခင်တားကြရမည်ဖြစ်သည်။ လူတိုင်း လူတိုင်း မီးသတိပြုရမည်ဖြစ်သည်။ အသက်၊ အိုးအိမ်၊ စည်းစိမ်များ မဆုံးရှုံးအောင် ကာကွယ်ကြရမည်ဖြစ်သည်။ ။

No comments:

Post a Comment