Wednesday, January 13, 2016

စည်းကမ်းတကျ ရထားစီးစေချင်



The Mirror Daily's photo.


မြန်မာ့မီးရထားကို အားကိုးယုံကြည်စွာဖြင့် နေ့စဉ် မြို့ပတ်ရထားဖြင့် ခရီးသွားလာနေသော ခရီးသည်များမှာ ယခုဆိုလျှင် ပိုမိုတိုးပွားလျက်ရှိနေပါသည်။ ရန်ကုန်မြို့တွင်းတွင် ကားများ ပိုမိုများပြားလာခြင်း၊ လမ်းများပိတ်ဆို့ခြင်းကြောင့် လိုင်းကားဖြင့် ခရီးသွားသည့်အခါ ယခင်က နာရီဝက်၊ တစ်နာရီခရီးကို နှစ်နာရီကျော်ကြာ ကားစီးနေရသည့်အတွက် အချိန်ကုန်ခြင်း၊ ရုံးသွားအလုပ်သွား နောက်ကျခြင်းတို့ကို êကြုံတွေ့ရသဖြင့် နေ့စဉ် ပုံမှန်ခရီးသွားနေသူတို့သည် ဘူတာသို့ အချိန်မှန် ဆိုက်ရောက်ခြင်း၊ မောင်းနှင်ချိန်တိုခြင်းတို့ကြောင့် မြန်မာ့မီးရထား (မြို့ပတ်ရထား)အား ယုံကြည်စိတ်ချစွာ အဓိကထားစီးနင်းနေကြခြင်း ဖြစ်သည်။

ဇန်နဝါရီ ၉ ရက်နေ့ ညနေ ၅ နာရီကျော် ရန်ကုန်မှအင်းစိန်သို့သွားသည့်မြို့ပတ်ရထားအား ပြည်လမ်းဘူတာမှ စီးနင်းလိုက်ပါခဲ့ပါသည်။ ရထားပေါ်တွင် အသက် (၆ဝ)ကျော်ခန့်ရှိ မီးရထားစီးခရီးသည်တစ်ဦးက ''ငါကွာ မနေ့ ညနေက ရှမ်းလမ်းမှတ်တိုင်ကနေ အင်းစိန်ကိုပြန်ဖို့ မြို့ပတ်ရထားစောင့်နေတာ ရထားလာတော့ ရထားပေါ်တက်ဖို့ အပေါက်ကိုသွားတဲ့အခါ အပေါက်ဝမှာ မြွေရေခွံအိတ် အထုပ်ကြီးတွေပိတ်ဆို့ထားတော့ တက်လို့မရဘူး၊ အဲဒါနဲ့ အခြားအပေါက်ကိုပြေးပြီးတက်မယ်လုပ်တော့ အပေါက်မှာ ခေါင်းရွက်ဗျပ်ထိုးဈေးသည်တွေက တောင်းတွေ ဗန်းတွေနဲ့ အပေါက်ပိတ်ငုတ်တုတ်ထိုင်နေတော့ ငါတက်လို့မရပြန်ဘူး၊ နောက်အတွဲနဲ့လိုက်ဖို့ ပြေးသွားတော့ ရထားကထွက်နေပြီ၊ ငါကျန်ရစ်ခဲ့တာပေါ့ကွာ'' ဟု ပြောသည်။

ထိုကဲ့သို့ မြို့ပတ်ရထားအား နေ့စဉ်စီးနင်းသွားလာနေသည့် ခရီးသွားပြည်သူလူထုတို့အား အနှောင့်အယှက် အခက်အခဲဖြစ်စေသော အသိတရားမဲ့သူ လူနည်းစုကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရသည်။ အချို့စာနာမှုကင်းမဲ့သူ များသည် ကိုယ်ချင်းစာမှု ကင်းမဲ့ပြီး ခရီးသွားသူများအား ဒုက္ခရောက်စေမည့် အန္တရာယ်ဖြစ်နိုင်သော ပြုမူမှုများကို ပြုပြင်သင့်ပြီဖြစ်ပါသည်။

မီးရထားစီးခရီးသည်တစ်ဦးကလည်း ပြည်သူတိုင်းသည် မိမိစိတ်ဓာတ်ကို တစ်ဦးချင်းအလိုက်ပြုပြင်ပါမှ၊ တစ်ကိုယ်ကောင်းဆန်သောစိတ်များ၊ အလေ့အထများကို လျှော့ချပါမှ ဒီမိုကရေစီကိုပံ့ပိုးသကဲ့သို့ဖြစ်မည်ဖြစ်ပြီး၊အများကောင်းကျိုးကိုလိုလားသော စိတ်ဓာတ်ဖြစ်စေမည့် ဗြဟ္မစိုရ်တရားနှင့်အညီ နေထိုင်ပြုပြင်ကြစေလိုကြောင်း'' ပြောကြားသည်။ ထို့ကြောင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများကလည်း တာဝန်သိစွာဖြင့် အသိတရားမဲ့သူများအား အချိန်မီထိန်းသိမ်းပြုပြင်ကြပ်မတ်ပေးနိုင်ကြရန် စည်းကမ်းမဲ့သူတို့၏ပုံရိပ်အား တင်ပြလိုက်ပါသည်။
ကိုကြီးစိုး(ဆိပ်ကမ်း)

No comments:

Post a Comment