Thursday, January 14, 2016

ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီ ဘယ်လိုလျှောက်လှမ်းမလဲ



The Mirror Daily's photo.



သတင်းနှင့်ဓာတ်ပုံ
နိုင်လင်းကြည်၊ ခင်စုစုလှိုင်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ယခင်ကချုပ်ဆိုခဲ့သော သဘောတူညီချက်များအား ထပ်လောင်းအသိအမှတ်ပြုခြင်း၊ ပိုမိုခိုင်မာစေခြင်း၊ ထပ်ဆင့်အတည်ပြုခြင်းဖြစ်ပြီး ပါဝင်သင့်သူအားလုံးပါဝင်နိုင်သော နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် တရားမျှတမှုနှင့် ဂုဏ်သိက္ခာရှိမှုတို့အပေါ် အခြေခံသည့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ဦးတည်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဇန်နဝါရီ ၁၂ ရက်မှစတင်ကာ ဇန်နဝါရီ ၁၆ ရက်ထိ ငါးရက်ကြာကျင်းပမည်ဖြစ်ရာ ဇန်နဝါရီ ၁၃ ရက်အထိတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီသို့ ဦးတည်သော အကြောင်းအရာများကို အောက်ပါအတိုင်း ကြားသိခဲ့ရသည်။

''ကျွန်တော်တို့က ဖက်ဒရယ်ဒီမို ကရေစီစနစ်ကို ဘယ်လိုလျှောက်လှမ်း မလဲဆိုတဲ့မူတွေကို ဆွေးနွေးကြတယ်။ ၁၃ ရက်နေ့အထိတော့ တိုင်းရင်းသား ပါတီပေါင်းစုံရဲ့ သဘောထားတွေ၊ အမြင်တွေကို အချင်းချင်းဖလှယ်ကြပြီး နိုင်ငံရေးခေါင်းစဉ်အောက်မှာရှိတဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီဆိုတဲ့ အကြောင်းအရာကို ဆွေးနွေးခဲ့ပါတယ်။ ဒီနိုင်ငံရေးမှာ ဖက်ဒရယ်စနစ် ကို အခြေခံသင့်သည့်မူများ၊ ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုဆိုင်ရာ ကိစ္စရပ်များဆိုတဲ့ ခေါင်းစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ကျယ်ပြန့်တဲ့ ကိစ္စဖြစ်လို့ အချိန်အကန့်အသတ်နဲ့ လုပ်ဖို့တော့ ခဲယဉ်းပါတယ်။ တိုင်းရင်းသားကိုယ်စားလှယ်ပါတီဝင်တွေရဲ့ တင်ပြချက်တွေကို သုံးသပ်ကြည့် မယ်ဆိုရင် ဖက်ဒရယ်စနစ်မှာ Power Sharing တွေ၊ Resource Sharing ကိစ္စတွေပါမယ်။ နောက်ပြီး ပြည်ထောင်စုကိုဖွဲ့စည်းတဲ့ လက်ရှိတိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခု အပေါ်မှာရော ဘယ်လိုပြန်ပြီး ပြောင်းလဲပြုပြင်သင့်သလဲ၊ ဘယ်လို မွမ်းမံဖွဲ့စည်းသင့်သလဲ ဆိုတာတွေ ဆွေးနွေးကြပါတယ်''ဟု တအာင်း ပလောင် အမျိုးသားပါတီကိုယ်စားလှယ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တာလှဖေက ပြောကြားသည်။

လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ညှိနှိုင်းအဖြေရှာရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို ထူထောင်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်သွားရန်၊ လက်တွေ့ကျပြီး အပြုသဘောဆောင်သည့်ဆွေးနွေးမှုများပြုလုပ်ပြီး ရေရှည် အကျိုးဖြစ်ထွန်းစေမည့် ဆွေးနွေးမှုများ၊ နိုင်ငံရေးရွေးချယ်မှုများနှင့် သဘောတူညီမှုများ ရရှိအောင် ကြိုးပမ်းသွားကြရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေး၊ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ရှေးရှုကာ ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းရှစ်ဖွဲ့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်(NCA)ကို လက်မှတ်ရေး ထိုးခဲ့သည်။ ထို့နောက် NCA ကို အခြေခံကာ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင်ကို ဆက်လက်ဆွေးနွေးခဲ့ပြီး ယခုတွင်မူ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံပင် စတင်ကျင်းပနေပြီ ဖြစ်သည်။
''လက်နက်ကိုင်တွေ အားလုံးပါဝင် လာဖို့က အစိုးရသစ်လက်ထက်မှာ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ရမယ့် အခြေအနေပါ။ အစိုးရသစ်ရဲ့ စွမ်းဆောင်ရည်၊ သဘောထားနဲ့ ချဉ်းကပ်မှုက အရေးပါလာပါလိမ့် မယ်''ဟု တအာင်းပလောင် အမျိုး သားပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တာလှဖေက ပြောကြားသည်။

''ဒီညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး မပါဝင်ဘဲ ငြိမ်းချမ်းရေးညီလာခံ ကျင်းပတာမကောင်းဘူးဆိုပေမယ့် မလုပ်ဘဲနေတာနဲ့စာရင်တော့ အခုလို လုပ်တာကောင်းပါတယ်။ လမ်းတစ်ခုထွင်ရင် အဲဒီလမ်းမှာ လျှောက်နေတဲ့ သူရော၊ မလျှောက်သေးတဲ့သူရော ဒီလမ်းဟာ လျှောက်ကောင်းတဲ့လမ်းဆိုတာ သိသွားရင် အားလုံးပါဝင်တဲ့ ညီလာခံ အနာဂတ်မှာဖြစ်လာမယ်လို့ ယုံကြည်ပါတယ်''ဟု ကချင်ပြည်နယ် အင်ဂျန်းယန်မဲဆန္ဒနယ် ပြည်သူ့လွှတ် တော်အစုအဖွဲ့မှ ဒေါ်ဒွဲဘူက ဆိုသည်။

ငါးရက်ကြာကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် မြေယာနှင့်သယံဇာတ စသည့် အကြောင်းအရာငါးခုကို ဆွေးနွေးမည် ဖြစ်ပြီး ညီလာခံဒုတိယနေ့တွင် အကြောင်းအရာငါးခု၏ အခြေခံသင့် သည့်မူများကိုသာ အများဆုံးဆွေးနွေး ဖြစ်ခဲ့ကြောင်း သိရသည်။

လူမှုရေးကိစ္စနှင့်ပတ်သက်၍ ''ဒီနေ့ မှာ ဖက်ဒရယ်နဲ့ပတ်သက်လို့ သုံးလေး ချက်လောက် ဆွေးနွေးဖြစ်ပါတယ်။ လူနည်းစုတိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ အာမခံချက်ရှိဖို့ ကိုယ်ပိုင် ပြဋ္ဌာန်းမှုရဖို့အတွက် ဥပဒေသတ်မှတ်ပြီး အတည်ပြုပေးဖို့ ကိစ္စရပ်တွေ ဆွေးနွေးပါတယ်။ လူမှုရေးကတော့ IDP ကိစ္စတွေပါပဲ။ ပြန်လည်ထူထောင် ရေးကိစ္စတွေပါ။ နေရာဘယ်လိုပြန်ချ ထားမလဲ။ သူတို့က ဂရန်မရှိတဲ့ နေရာ မျိုးမှာ မနေချင်ကြဘူး။ အာမခံချက် လိုချင်ကြတယ်။ သူတို့ကို ပြန်လည် ထူထောင်ပေးမယ်ဆိုရင် အဘက်ဘက် က ပြည့်ပြည့်စုံစုံနဲ့နေနိုင်တဲ့ အခြေအနေဖြစ်အောင် ဖန်တီးပေးဖို့ပါ။ ခဏတဖြုတ် တစ်နှစ်စာမဟုတ်ဘဲ တစ်သက်စာနေနိုင်အောင် စတဲ့ အခြားလူမှုရေး၊ ကျန်းမာရေး ကိစ္စ တွေလည်း ဆွေးနွေးဖြစ်ပါတယ်''ဟု တိုင်းရင်းသားလက်နက်ကိုင်နှင့် တိုင်းရင်းသားပါတီမဟုတ်သည့် ခန္တီးရှမ်း လူမျိုးစုကိုယ်စားလှယ် ဦးစောနွဲ့မင်းအောင်က ပြောကြားသည်။

မွန်အမျိုးသားပါတီအထွေထွေ အတွင်းရေးမှူး နိုင်လယိတမက''လူမှုရေးကတော့ IDP ကိစ္စပါ။ ကျွန်တော် တို့ဘက်ကတော့ IDP ကို တင်ပြဖို့ မရှိပါဘူး။ နယ်ခြားဒေသမှာရှိတဲ့ တိုင်းရင်းသားတွေက ပိုပြီးသိနေတဲ့ အတွက်ပါ။ လိုအပ်တဲ့အပေါ်မှာပဲ ဖြည့်စွက်ဆွေးနွေးသွားမှာပါ''ဟု ဆိုသည်။

''ဒီကနေ့ အဖွဲ့ငါးဖွဲ့ခွဲထားတယ်။ အများက တောင်းဆိုလိုက်တာက လူမှုရေးအဖွဲ့က ဘယ်အကြောင်း အရာကို ဦးစားပေးဆွေးနွေးမလဲ ဆိုတော့ IDP တွေ၊ ဒုက္ခသည်တွေပါ။ ဒီကနေ့ စစ်ဒဏ်ကြောင့်လည်းကောင်း၊ နိုင်ငံရေးပဋိပက္ခတွေကြောင့်လည်းကောင်း နယ်စပ်ဒေသတွေ၊ ပြည်တွင်းမှာ ပြောင်းရွှေ့နေထိုင်တဲ့ ဒုက္ခသည်တွေ၊ နယ်စပ်ဒေသတွေမှာ ရှိတဲ့ နဂိုမူလဒုက္ခသည်တွေ၊ တစ်ဖက် နိုင်ငံရောက်သွားတဲ့ မြန်မာဒုက္ခသည်တွေ၊ တိုင်းရင်းသားဒုက္ခသည်တွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေး ကိစ္စတွေကို ဆွေးနွေးပါတယ်။ ဒုက္ခ သည်တွေအတွက် ဘာတွေအစီအစဉ် လုပ်ပြီးပြီလဲ။ ဒီနေ့ဆွေးနွေးပွဲကတော့ ကိုယ့်အဖွဲ့အချင်းချင်း ဆွေးနွေးတာပါ။ လွှတ်တော်ကိုယ်စားလှယ် အချင်းချင်းလည်း ကိုယ့်ဘာသာဆွေးနွေး၊ တခြား တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ပါတီတွေလည်း ကိုယ့်ဘာသာ ဆွေးနွေးပြီး ဒီငါးရက်မှာ သူတို့တွေ အနေနဲ့ တစ်သံတည်းထွက်ဖို့တော့ လိုပါတယ်။ လူမှုရေးကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်ဘက်ကနေလုပ်တဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန နဲ့ ကျန်းမာရေးဝန်ကြီးဌာနတွေက ဘာတွေလုပ်သလဲ။ ဘာတွေလုပ်ပြီးပြီ လဲဆိုတာ ချပြဆွေးနွေးသွားမှာပါ''ဟု မြန်မာငြိမ်းချမ်းရေးဗဟိုဌာန အထူးအကြံပေးနှင့် သမ္မတပညာရေး အကြံပေးဖြစ်သူ ဒေါက်တာ ဒေါ်ရင်ရင်နွယ်က ပြောကြားသည်။

No comments:

Post a Comment