Thursday, January 14, 2016

လာမည့်နွေရာသီ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရန်စီစဉ်




The Mirror Daily's photo.


မန္တလေး ဇန်နဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီးအတွင်း လာမည့်နွေရာသီတွင် လျှပ်စစ်မီး ပြတ်တောက်မှုမရှိစေရန်အတွက် ကြိုတင်စီစဉ်ထားကြောင်း ဇန်နဝါရီ ၁၃ ရက်တွင်ပြုလုပ်သည့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ မီဒီယာများနှင့်တွေ့ဆုံရှင်းလင်းပွဲမှ သိရသည်။

လျှပ်စစ်ဌာနဆိုသည်မှာ ပြည်သူများအား ဝန်ဆောင်မှုပေးနေသည့် ဌာနတစ်ခုဖြစ်သည်နှင့်အညီ ပြည်သူများ ကျန်းမာပျော်ရွှင်စွာ အပန်းဖြေလုပ်ကိုင် နိုင်စေရန်အတွက် လိုအပ်သောလျှပ်စစ်မီးများ ပြတ်တောက်မှုမရှိစေရန်အတွက် ကြိုတင်ပြင်ဆင်မှုများအနေဖြင့် လက်ရှိဓာတ်အားခွဲရုံများမှ လျှပ်စစ်ဓာတ်အား တိုးချဲ့ထုတ်လုပ်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့် နိုင်ငံတော်အစိုးရမှ နှစ်စဉ်ဓာတ်အားတိုးချဲ့ထုတ်လုပ်နိုင်ရန် ကြိုတင်ပြင်ဆင်ရေးဆွဲထားသည့် နှစ် (၃ဝ) Master Plan အရ စီစဉ်ဆောင်ရွက်ထားရှိမှုတို့အပေါ်အခြေခံ၍လာမည့် နွေရာသီတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရန်စီစဉ်ထားကြောင်း၊ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

''ကြိုတင်ပြင်ဆင်မှုတွေအနေနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ရန်ပုံငွေအပြင် ဓာတ်အားဖြန့်ဖြူးရေးတာဝန်ယူထားတဲ့ ကုမ္ပဏီတွေအစီအစဉ်နဲ့ ဆောင်ရွက်နေတဲ့အပြင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဘတ်ဂျက်နဲ့လည်း ဆောင်ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်ချက်တွေကို မီဒီယာတွေကနေတစ်ဆင့် ပြည်သူတွေကို အသိပေးခြင်းဖြစ်ပါတယ်''ဟု ၎င်းက ဆိုသည်။

ထို့နောက် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ဒါရိုက်တာအဖွဲ့ဝင် ဦးသောင်းဟန်ကလည်း တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းလုပ်ငန်းကို နိုင်ငံတကာအဆင့်မီဆောင်ရွက်ခြင်း၊ ဓာတ်အားထုတ်လုပ်ခြင်းနှင့် ရောင်းဝယ်ခြင်းများ ပြုလုပ်ရန်စီစဉ်လျက်ရှိပြီး နောင် ငါးနှစ်အတွင်း ပြည်သူအားလုံးပါဝင်သော Public Listed Company တစ်ခု အဖြစ် ပြောင်းလဲဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

''လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ကော်ပိုရေးရှင်းအနေနဲ့ လျှပ်စစ်ဓာတ် အားသုံးစွဲသူတွေကို လိုအပ်တဲ့လျှပ်စစ်ဓာတ်အား လုံလောက်တဲ့အရည်အသွေး ပြည့်ဝတဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ဖို့၊ မီးသုံးစွဲသူပြည်သူတွေကို ဝန်ဆောင်မှုကောင်းတွေပေးနိုင်ဖို့နဲ့ လျှပ်စစ်ဓာတ်အားခပေးဆောင်မှုကို လွယ်ကူစေရန် လိုအပ်တဲ့ဝန်ဆောင်မှုကောင်းတွေပေးနိုင်ဖို့အတွက် ဖြေလျှော့မှု ပေါင်းများစွာနဲ့ဆောင်ရွက်ပေးလျက်ရှိပါတယ်''ဟု ၎င်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း နွေရာသီဓာတ်အားပြည့်ဝစွာရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံငွေသန်းပေါင်း ၇၁၂၈ ဒသမ ၇၆၄ ဖြင့်လည်းကောင်း၊ ဓာတ်အားဖြန့်ဖြူးရေးတာဝန်ယူထား သောကုမ္ပဏီများကလည်း ရင်းနှီးမြှုပ်နှံငွေသန်းပေါင်း ၇၄၁၃ ဒသမ ၉၉ ဖြင့် လည်းကောင်း၊ ၁၁ ကေဗွီဓာတ်အားလိုင်းများ၊ ၄ဝဝ ဗို့ဓာတ်အားလိုင်းများနှင့် ၁၁/ဝ ဒသမ ၄ ကေဗွီ၊ ၂ဝဝ/၃၁၅ ကေဗွီအေ ထရန်စဖော်မာများတိုးချဲ့တပ်ဆင် လျက်ရှိပြီး မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကလည်း ဓာတ်အားခွဲရုံအသစ်များတည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းသစ်များ တည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းများအစားထိုးတပ်ဆင်ခြင်းနှင့် ထရန် စဖော်မာများ အစားထိုးတပ်ဆင်ခြင်းလုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment