Saturday, January 30, 2016

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


ခြင်အန္တရာယ်နှင့်ကူးစက်ရောဂါ

''ခြင်''ဟူသော သတ္တဝါသည် ဗိုင်းရပ်ပိုးကို သယ် ဆောင်နိုင်သည့် သတ္တဝါဖြစ်၍ ကမ္ဘာ့လူသားများ၏ ကျန်းမာ ရေးကို တစ်မျိုးပြီးတစ်မျိုး ခြိမ်းခြောက်လာလျက်ရှိပါ သည်။ ခြင်ကိုက်ခံရခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနိုင်ကြောင်း အများအားဖြင့် သိကြပါသည်။ ငှက် ဖျားရောဂါဖြစ်ပွားရခြင်းမှာလည်း ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပါသည်။ ယခုတစ်ဖန် ခြင်ကြောင့်ဖြစ်ပွားရသော ရောဂါ တစ်မျိုးတိုးလာပြီ ဖြစ်ပါသည်။
လတ်တလော ဘရာဇီးနိုင်ငံ၌ ဖြစ်ပွားနေသော ဇီကာ အမည်ရှိရောဂါမှာလည်း ခြင်ကြောင့်ပင် ဖြစ်ပွားရသည်ဟု ဆိုပါသည်။ အေးဒိစ်ဟူသောခြင်တစ်မျိုးသည် ဇီကာအမည်ရှိ ဗိုင်းရပ်ပိုးကို သယ်ဆောင်ပေါက်ပွားနိုင်ကြောင်း သိရပါသည်။ ဇီကာဗိုင်းရပ်ပိုး သယ်ဆောင်ထားသောခြင် အကိုက်ခံရသော ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအနေဖြင့် သန္ဓေသား၏ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်သည်ဟု ဆိုထားပါသည်။ ဇီကာဗိုင်းရပ်သည် တောင်နှင့်မြောက်အမေရိကတစ်ခွင်လုံးကို ပျံ့နှံ့ကူးစက်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး က သတိပေးပြောကြားလျက်ရှိပါသည်။ လက်ရှိအချိန်အထိ တောင်နှင့်မြောက်အမေရိကနှင့် ကာရစ်ဘီယံဒေသနိုင်ငံပေါင်း ၂၁ နိုင်ငံတွင် ဇီကာဗိုင်းရပ်ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။ ဤဗိုင်းရပ်ကြောင့် ဘရာဇီးနိုင်ငံတွင် ပုံမှန်ထက် ဦးခေါင်းအရွယ်သေးငယ်သော ကလေးများ မွေးဖွားလာမှု များပြားလျက်ရှိသည့်အတွက် အမေရိကတောင်ပိုင်းနှင့် အလယ်ပိုင်းနိုင်ငံတို့တွင် အမျိုးသမီးများ ကိုယ်ဝန်မဆောင်ကြ ရန် သတိပေးမှုများလည်းရှိကြောင်း သိရပါသည်။
ဤဖြစ်စဉ်များကို ထောက်ရှုလျက် ကျွန်ုပ်တို့လူ့ ပတ်ဝန်းကျင်ရှိ ခြင်အန္တရာယ်သည် မည်ရွေ့မည်မျှ ခြိမ်း ခြောက်လာသည်ကို သတိပြုကြရန်လိုပါသည်။ ခြင်ကြောင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနိုင်သည်ကို လူတိုင်းသိကြ ပါသည်။ ထို့ထက်ဆိုးသည်မှာ ငှက်ဖျားနှင့် ဇီကာဗိုင်းရပ် သည် လူ့အသက်အန္တရာယ်ကို များစွာခြိမ်းခြောက်လျက် ရှိပါသည်။ ခြင်ကိုက်ခံရခြင်းကို ပေါ့ပေါ့တန်တန် မတွက်ဆ သင့်တော့ပါ။ ခြင်အကိုက်မခံရအောင် အစီအမံများ တိုးမြှင့် လုပ်ဆောင်ရန် လိုပါသည်။ ခြင်နှိမ်နင်းရေးလုပ်ငန်းစဉ်များ တိုးမြှင့်ရန်လိုပါသည်။ လူနေထူထပ်သည့် မြို့ပေါ်ရပ်ကွက်များ အတွင်း အမှိုက်များ၊ ရေအိုင်ရေမြောင်းများရှင်းလင်းခြင်း၊ ခြင်ဆေးဖျန်းခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်လိုမည် ဖြစ်ပါသည်။ ခြင်များပေါများရခြင်း၏ အဓိကအကြောင်း အရင်းမှာ လူတို့၏အိမ်ပတ်ဝန်းကျင် ညစ်ညမ်းမှုများကြောင့် ပင် ဖြစ်ပါသည်။ ယခုအခါ ခြင်ကြောင့်ဖြစ်ပွားရသော ရောဂါများတိုးပွားလာနေပြီဖြစ်သဖြင့် ခြင်နှိမ်နင်းရေးကို ရပ်ကွက်တိုင်း၊ ကျေးရွာတိုင်း၌ ကျန်းမာရေးတာဝန်ရှိသူ များနှင့် ပူးပေါင်းကာ စီမံချက်များချမှတ်၍ အရှိန်အဟုန်မြှင့် တင်ဆောင်ရွက်သွားသင့်ပါကြောင်း။ ။

No comments:

Post a Comment