Saturday, January 30, 2016

အိုးပိုင် အိမ်ပိုင်မရှိသူများ မဟာဗန္ဓုလအငှားအိမ်ရာအတွက်လျှောက်ထားနိုင်ပြီ သတ်မှတ်အခန်း ၁၂၀၀ ထက်ကျော်လွန်လျှောက်ထားပါက မဲနှိုက်စီစဉ်ပေးသွားမည်

သတင်းနှင့် ဓာတ်ပုံ- ခင်မောင်ထွေး၊ ဇော်ကြီး(ပဏီတ)

ရန်ကုန် ဇန်နဝါရီ ၂၉

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ထောင်စုလူဦးရေ သန်းခေါင် စာရင်းရှိပြီး မြေကွက်၊ နေအိမ်ခန်း အိုးပိုင်အိမ်ပိုင် မရှိသူများအနေဖြင့် မဟာဗန္ဓုလ အငှားအိမ်ရာ လျှောက်ထားလိုပါက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ဖေဖော်ဝါရီ ၁ ရက်မှ ၁၅ ရက်အတွင်း တိုက်ရိုက်လာ ရောက်လျှောက်ထားနိုင်ကြောင်း တိုင်းဒေသကြီးသစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက မြန်မာ့သတင်းစဉ်သို့ ယနေ့ပြောကြားသည်။
မဟာဗန္ဓုလအငှားအိမ်ရာသည် ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ်(၂)လမ်းမကြီးနှင့် မဟာဗန္ဓုလလမ်းထောင့်၌ တည်ရှိပြီး တစ်ခန်းလျှင် ၅၆၉ ဒသမ ၅ စတုရန်းပေရှိ အခန်းပေါင်း ၁၂ဝဝ ပါဝင်သည်။

''အခုလို တန်ဖိုးနည်းအိမ်ငှားပေးမယ်ဆိုတော့ ကောင်းတာပေါ့၊ ကျွန်တော်တို့လို ကျူးကျော်တွေအတွက် ပိုကောင်းတယ်။ ဒါပေမယ့် သန်း ခေါင်စာရင်းမရှိတဲ့သူတွေကတော့ သိပ်မထူးပါဘူး။ ဧည့်စာရင်းနဲ့နေတာဆိုတော့ လျှောက်လို့မရဘူး။ နယ်ပြန်ပြီး သန်းခေါင်စာရင်းလုပ်ဖို့ဆိုတာကလည်း သိပ်တော့မလွယ်ပါဘူး။ ဘာပဲ ပြောပြော အစိုးရအနေနဲ့ ဒါမျိုး များများလုပ်ပေးရင်တော့ အိမ်ရှင် အိမ်ငှား ဈေးနှုန်းတွေကျသွားနိုင်တယ်။ ငွေကြေးအရသင့်တော့ အထောက်အကူတစ်ခုခု တော့ဖြစ်လာမှာပါ'' ဟု ‘ဒဂုံဆိပ်ကမ်းမြို့နယ် (၆ဝ) ရပ်ကွက်နေသူ ကိုကျော်က ပြောသည်။

တိုင်းဒေသကြီးဝန်ကြီး ဦးကျော်စိုးက ''ငှားရမ်းနေထိုင်လိုသူ ပြည်သူတွေကို ကျွန်တော်တို့ လျှောက်လွှာလည်း မရောင်းပါဘူး။ လျှောက်လွှာနမူနာပုံစံတွေကို သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေရဲ့ ကြော်ငြာသင်ပုန်းတွေမှာ ဖေဖော်ဝါရီ ၁ ရက်ကစပြီး ကပ်ထားပေးမယ်။ အဲဒါကို နမူနာကြည့်ပြီး လက်ရေးနဲ့ပဲ လျှောက်လျှောက်၊ ကွန်ပျူတာနဲ့ပဲ လျှောက်လျှောက် မိမိအစီအစဉ် နဲ့ လျှောက်ထားရပါမယ်။ လျှောက်လွှာကို ဖေဖော်ဝါရီ ၁ ရက်မှ ၁၅ ရက် အတွင်း ပြည်လမ်းနဲ့ အလုံလမ်းထောင့် လွှတ်တော်ဝင်းရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှာ လာရောက်လျှောက်ထားနိုင်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးကို တိုက်ရိုက်လျှောက်ထားရမှာဖြစ်ပါတယ်'' ဟု ပြောသည်။

''အစိုးရက အခုလိုငှားပေးမယ်လို့ကြားတာ ကြာပြီ။ ကျွန်မတို့ကတော့ သွားလျှောက်မယ်။ အိုးပိုင်အိမ်ပိုင်မရှိတဲ့သူတွေက အများကြီးဆိုတော့ သိပ်တော့မလွယ်ပါဘူး။ ‘ဒီအပေါ်မှာ အစိုးရအနေနဲ့ အိုးပိုင်အိမ်ပိုင် ဟုတ်၊ မဟုတ်ဆိုတာကို ဘယ်အချိန်မှာ ဘယ်လိုစစ်ဆေးပြီး ဘယ်လိုစနစ်နဲ့ ချသွားပေး မလဲဆိုတာ အရေးကြီးတယ်။ လျှောက်ရမှာက ကျွန်မတို့အလုပ်ပဲ၊ ကျတာ မကျတာကတော့ ကံတရားပါ၊ သိပ်တော့ မျှော်မှန်းမထားပါဘူး'' ဟု ဒဂုံတောင်(၁ဝ၄) ရပ်ကွက်နေသူ ဒေါ်ခင်ထူးက ပြောသည်။
အငှားအိမ်ရာလျှောက်ထားလိုသူများသည် လျှောက်လွှာနှင့်အတူ မြေကွက်၊ နေအိမ်ခန်း ပိုင်ဆိုင်မှုမရှိကြောင်း ကိုယ်တိုင်ခံဝန်ချက်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားမိတ္တူ၊ အိမ်ထောင်စုလူဦးရေသန်းခေါင်စာရင်းမိတ္တူ၊ မြေကွက် နေအိမ်ခန်းပိုင်ဆိုင်မှု
မရှိကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ် ရေးမှူး၏ထောက်ခံချက်များ ပူးတွဲထည့်သွင်းလျှောက်ထားရမည်ဖြစ်ပြီး နိုင်ငံ့ ဝန်ထမ်းဖြစ်ပါက မြေလွတ်၊ နေအိမ်ခန်းပိုင်ဆိုင်မှုမရှိကြောင်း ဌာနဆိုင်ရာ အကြီးအကဲ၏ ထောက်ခံချက်ပါဝင်ရမည်ဖြစ်ကြောင်း၊ အဆိုပါအချက် အလက်နှင့်ကိုက်ညီမှုရှိသူတိုင်း လျှောက်ထားနိုင်ကြောင်း တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံမှ သိရသည်။
''လျှောက်ထားသူဦးရေ ၁၂ဝဝ ကျော်ရင် မဲနှိုက်ပေးမယ်။ လစဉ်ငှားရမ်းခ ကတော့ သုံးသောင်းပါ။ နေထိုင်ခွင့်ရတဲ့သူတွေက လိုက်နာရမယ့် သတ်မှတ် စည်းကမ်းချက်တွေပါဝင်တဲ့ အငှားစာချုပ်သီးခြားချုပ်ရဦးမှာ ဖြစ်ပါတယ်'' ဟု တိုင်းဒေသကြီးဝန်ကြီး ဦးကျော်စိုးက ပြောသည်။
''လက်ရှိက အိမ်ငှားနေတာပါ၊ အစိုးရက သုံးသောင်းနဲ့ ငှားပေးမယ်ဆိုလည်း ရဖို့က ၅ဝ ရာခိုင်နှုန်းလောက် ရှိရင်တော့ သွားလျှောက်ချင်တယ်။ ကိုယ့် အတွက် ၁ဝ ရာခိုင်နှုန်းတောင်မရှိတော့ အလုပ်ဖျက်ပြီး မသွားချင်ဘူး၊ လက်ရှိမှာ ဝမ်းရေးက ပိုပြီးအရေးကြီးတယ်။ ‘ဒါကြောင့် မဲစနစ်နဲ့ပေးလည်း ပေါက်မှာမဟုတ်တော့ သွားမလျှောက်တော့ပါဘူး'' ဟု ဒဂုံ(ဆိပ်ကမ်း)မြို့နယ် နေသူ ကိုညီညီက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ပြည်ထောင်စုအစိုးရအဖွဲ့က
ထောက်ပံ့ပေးသည့် ဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွင်း၌ အမှန်တကယ် မြေကွက် နေအိမ်အခန်းမရှိဘဲ နေရေးအခက်အခဲရှိသည့် ပြည်သူများ မျှမျှတတ ရရှိရန် အကောင်းဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း တိုင်းဒေသ ကြီးဝန်ကြီးက ပြောကြားသည်။
''လျှောက်လို့ရရင်တော့ လျှောက်ချင်တယ်။ တစ်လသုံးသောင်းလောက်က တတ်နိုင်တယ်။ အခုဆိုရင် ကျူးကျော်နေရာမှာ မနေချင်ပေမယ့်လည်း ငွေကြေး မတတ်နိုင်တော့ နေနေရတယ်။ ဘယ်အချိန် လာဖျက်မယ်ဆိုတာလည်းမသိဘူး၊ ဖျက်ဖို့ အကြောင်းကြားစာပို့ထားတာတွေရှိတယ်။ ကျွန်မတို့လို အိုးပိုင်အိမ်ပိုင် မရှိတဲ့သူတွေအတွက် ‘ဒီသတင်းကြားရတာ ဝမ်းသာစရာပါ။ သွားလျှောက် ရင်လည်း သန်းခေါင်စာရင်းရှိတဲ့သူတွေ စုပေါင်းပြီးသွားကြမယ်။ မဲစနစ်နဲ့ ဆိုတော့ ကံတရားနဲ့လည်းဆိုင်တယ်။ သွားလျှောက်ရမှာ ကျွန်မတို့ တာဝန်ပါပဲ'' ဟု ဒဂုံ(ဆိပ်ကမ်း)မြို့နယ် (၆ဝ) ရပ်ကွက်နေ ဒေါ်အေးအေးငြိမ်းက ပြောသည်။
ရန်ကုန်မြို့သည် ဆိပ်ကမ်းမြို့ပီပီ စီးပွားရေးအချက်အချာကျမှုကြောင့် လူနေထူထပ်ခဲ့၍ ကျူးကျော်ပြဿနာများကို အစိုးရအဆက်ဆက် ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည်။

ဖဆပလအစိုးရခေတ်တွင် ပြည်တော်သာအိမ်ရာစီမံကိန်း၊ အိမ်စောင့်အစိုးရ ခေတ်တွင် ဖဆပလကျူးကျော်ရပ်ကွက်များကြောင့် တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပနှင့် သာကေတမြို့သစ်စီမံကိန်းများ၊ တော်လှန်ရေးကောင်စီ ခေတ်တွင် ကိုယ်တိုင်လုပ်အားပေးစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် ခဲ့သည့် သုဝဏ္ဏအငှားအိမ်ရာစီမံကိန်း၊ ၁၉၈၈ ခုနှစ် နောက်ပိုင်း တပ်မတော် အစိုးရခေတ်တွင် ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့သစ်စီမံကိန်းစသည်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
မျက်မှောက်ခေတ်တွင်လည်း တစ်နှစ်ထက်တစ်နှစ် လူဦးရေသိပ်သည်းမှုများ ဆက်လက်တိုးပွားလာခဲ့ရာ ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရန်ကုန်တိုင်း ဒေသကြီး၌ လူဦးရေခုနစ်သန်းနှင့် ရန်ကုန်မြို့၌ လူဦးရေငါးသန်းကျော် နေထိုင်လျက်ရှိသည်။

လူဦးရေထူထပ်မှုနှင့်အတူ အိုးပိုင်အိမ်ပိုင်နေထိုင်ရေး အခက်အခဲများ လည်း ပိုမိုဖြစ်ပေါ်လာခဲ့သည်။ ယာဉ်ကြောပိတ်ဆို့မှုနှင့် အစိုးရမြေကျူးကျော် နေထိုင်မှုကိစ္စရပ်များက ရန်ကုန်မြို့၏ထိပ်တန်းစိန်ခေါ်မှုများထဲတွင် ပါဝင်လျက် ရှိသည်။ 

ထို့ကြောင့် လက်ရှိကာလတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ရန်ကုန်မြို့ရှိ ကိုယ်ပိုင်အိမ်ရာမရှိသော မိသားစုများအတွက် ယခု အိမ်ငှား လျှောက်လွှာခေါ်ယူလျက်ရှိသည့် ရေ၊ မီးအစုံအလင်နှင့် အခန်းပေါင်း ၁၂ဝဝ ပါဝင်သော မဟာဗန္ဓုလအငှားအိမ်ရာစီမံကိန်း ထပ်မံတည်ဆောက်ရန်အတွက် ကုမ္ပဏီများကို တင်ဒါစိစစ်ရွေးချယ်ဆောင်ရွက်လျက်ရှိသည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် မြနန္ဒာလမ်းနှင့် ရွှေလီလမ်းထောင့်ရှိ အစိုးရမြေ ၁၈၃ ဒသမ ၅ဝ၅ ဧကရှိ အခန်းပေါင်း ၃ဝဝဝ ပါဝင်သော တန်ဖိုးနည်းအိမ်ရာစီမံကိန်းနှင့် တင်ဒါတင်သွင်းသည့် ကုမ္ပဏီများကိုစိစစ်ဆောင်ရွက်လျက်ရှိသည့် အခန်းပေါင်း ၁ဝဝဝဝ ပါဝင်သော ရန်ကုန်မြို့သစ်စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

No comments:

Post a Comment