မိုးမြင့်လင်းလက်
ဂျာမနီမြေက ဘွန်ဒက်လီဂါပွဲစဉ် (၁၉)ကို ဇန်နဝါရီ ၃ဝ ရက်မှာ
ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ တန်းစီဇယားတတိယနေရာမှာရပ်တည်နေတဲ့
ဟာသာဘာလင် တို့က ရလဒ်ကောင်းရဖို့ ရုန်းကန်ရမှာဖြစ်ပြီး ဂလာဘတ်တို့က
မိန့်ဇ်နဲ့တွေ့ဆုံရတာကြောင့် ပွဲမချောင်ပါဘူး။ ဒီတစ်ပတ်
ဘွန်ဒက်လီဂါပွဲစဉ်တွေကတော့ ခြေရည်တူအသင်း တွေရဲ့ အားပြိုင်မှုဖြစ်တာကြောင့်
ကမောက်ကမ ရလဒ်တွေထွက်လာဦးမှာ သေချာပါတယ်။ဝါဒါဘရီမင်နှင့်ဟာသာဘာလင်
တန်းဆင်းဇုန်ထဲရောက်နေပေမယ့် ဟာသာဘာလင်ကို ဘယ်လိုကစားရမယ် ဆိုတာ သိထားတဲ့ ဝါဒါဘရီမင်တို့က အခုပွဲအိမ်ကွင်းမှာ အမှတ်ရအောင်ကစား ပါလိမ့်မယ်။ ဟာသာဘာလင်တို့ကတော့ အဝေးကွင်းမှာ တိုက်စစ်ရော ခံစစ် ပါ ဟန်ချက်ညီအောင်ကစားနိုင်ပေမယ့် တိုက်စစ်မှူးတွေရဲ့ ဂိုးသွင်းစွမ်းရည်က ကျဆင်းတတ်ပါတယ်။ ဟာသာဘာလင်နဲ့ ဝါဒါဘရီမင်တို့ရဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့သုံးပွဲရလဒ်ကိုကြည့်ရင် ဝါဒါဘရီမင်က တစ်ပွဲနိုင်ပြီး နှစ်ပွဲသရေ ဖြစ်ထားပါတယ်။ အခုပွဲမှာ ဟာသာဘာလင်တို့ ခြေစွမ်းပြနိုင်ပေမယ့် တန်းဆင်းဇုန်ထဲက ရုန်းထွက်မယ့် ဝါဒါဘရီမင်ရဲ့အားမာန်ကြောင့် အနိုင် ဆိုတာ အိမ်ရှင်တို့အတွက်ပဲဖြစ်မှာပါ။
မိန့်ဇ်နှင့်ဂလာဘတ်
တန်းစီဇယားစတုတ္ထနေရာမှာရှိနေတဲ့ ဂလာဘတ်တို့က အဝေးကွင်းမှာ ခံစစ်မှူးတွေ အမှားအယွင်းလုပ်တတ်တာမို့ သတိထားရမယ့်ပွဲပါပဲ။ မိန့်ဇ်တို့က အိမ်ကွင်းမှာဆိုရင် နိုင်ပွဲရအောင်ကစားတတ်ပြီး အဝင်အထွက်ရဲရဲနဲ့ ဂိုးရ အောင် ထိုးဖောက်တိုက်စစ်ဆင်နိုင်သူတွေဖြစ်ပါတယ်။ မိန့်ဇ်တို့ဟာ ဂလာ ဘတ်နဲ့နောက်ဆုံးငါးပွဲတွေ့ဆုံမှုရလဒ်ကိုကြည့်ရင် တစ်ပွဲနိုင်၊ တစ်ပွဲရှုံးပြီး ကျန်သုံးပွဲသရေဖြစ်ထားတာမို့ ခက်ခဲမယ့်ပွဲဖြစ်နေပါတယ်။ ဒါပေမယ့် ချန်ပီယံ လိဂ်တိုက်ရိုက်ဝင်ခွင့်ရဖို့ အားထုတ်လာမယ့် ဂလာဘတ်တို့အတွက် အခုပွဲဟာ အကြိတ်အနယ်နွှဲရမှာဖြစ်ပြီး အမှတ်ခွဲယူရကိန်းဆိုက်သွားနိုင်ပါတယ်။
လေဗာကူဆင်နှင့်ဟန်နိုဗာ
လေဗာကူဆင်ဟာ အိမ်ကွင်းမှာခြေစွမ်းပြနိုင်တဲ့အသင်းဖြစ်ပြီး ပြိုင်ဘက် တွေကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ စွမ်းရည်ရှိပါတယ်။ ဟန်နိုဗာတို့က အဝေးကွင်းမှာ ဆိုရင် ရလဒ်မကောင်းတတ်တာမို့ ဒီပွဲမှာ အောင်ပွဲခံနိုင်ဖို့တော့ မလွယ်ပါဘူး။ တန်းဆင်းဇုန်ထဲကျဆင်းနေတဲ့ ဟန်နိုဗာတို့ရဲ့တိုက်စစ်က အားရစရာမရှိသလို ဂိုးရဖို့လည်း ခက်ခဲနေတတ်တာမို့ ဒီပွဲဟာ လေဗာကူဆင်ရဲ့နိုင်ပွဲလို့ပဲ သတ် မှတ်ရမှာဖြစ်ပါတယ်။
ဒမ်စတက်နှင့်ရှော်လ်ကေး
ဒီနှစ်သင်းရဲ့နောက်ဆုံးငါးပွဲတွေ့ဆုံမှုရလာဒ်ကိုကြည့်ရင် ရှော်လ်ကေးတို့က သုံးပွဲနိုင်ခဲ့ပြီး ဒမ်စတက်တို့က တစ်ပွဲနိုင်ကာ တစ်ပွဲသရေဖြစ်ထားပါတယ်။ ဒီနှစ်ဘွန်ဒက်လီဂါမှာ အခုအချိန်အထိ အိမ်ကွင်းနိုင်ပွဲတစ်ပွဲသာရထားတဲ့ ဒမ်စတက်တို့ဟာ ရှော်လ်ကေးကိုဖိအားပေးကစားဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်။ အဝေးကွင်းဆိုပေမယ့် ရှော်လ်ကေးတို့ပဲ နိုင်ပွဲရလဒ်ကို သိမ်းပိုက်အောင်ပွဲခံ ပါလိမ့်မယ်။
စတုဂတ်နှင့်ဟမ်းဘတ်
စတုဂတ်တို့က ခြေစွမ်းပုံမှန်ရရှိနေပြီး နိုင်ပွဲတွေလည်းရရှိနေပါတယ်။ ဟမ်း ဘတ်တို့က အိမ်ကွင်းထက်အဝေးကွင်းမှာ ခြေစွမ်းပြနိုင်တဲ့အပြင် အမှတ်ပြည့် ရအောင်လည်း အားထုတ်နိုင်တာမို့ စတုဂတ်တို့ သတိထားရမယ့်ပွဲပါ။ ဒါပေ မယ့် ဒီနှစ်သင်းရဲ့နောက်ဆုံးငါးပွဲ တွေ့ဆုံခဲ့မှုရလဒ်ကိုကြည့်ရင် နှစ်ပွဲစီနိုင်ပြီး သရေတစ်ပွဲဖြစ်ထားတာမို့ အခုပွဲမှာတော့ စတုဂတ်တို့နိုင်ပွဲရဖို့ အခွင့်အရေး များနေပါတယ်။ ။

No comments:
Post a Comment