Monday, January 11, 2016

အင်းလေးကန် ရေရှည်တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းဆောင်ရွက်လျက်ရှိ


The Mirror Daily's photo.
ညောင်ရွှေ ဇန်နဝါရီ ၁ဝ
အင်းလေးကန်ရေကျဆင်းမှုကို လျော့နည်းသက်သာစေရန်အတွက် ဒီဇင်ဘာလ ဒုတိယပတ်မှစ၍ ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ အဓိက ရေလမ်းကြောင်းများကို ရာသီမရွေးသွားလာနိုင်ရန် အဓိကထား စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
''နွေရာသီ ရေနည်းချိန်မှာ ရေ ကျဆင်းမှုလျော့နည်းသက်သာစေ ဖို့အတွက် ကျွန်တော်တို့ဌာနအနေနဲ့ အင်းလေးကန်အထွက် ဘီလူးချောင်း ပေါ်မှာ ရေထိန်းရေမြှင့်အဆောက် အအုံ(Geo-Tube) နှစ်ခု တည် ဆောက်ပေးထားပါတယ်။ အဲဒီ Geo-Tube နှစ်ခုကို ဒီဇင်ဘာ ၁ဝ ရက်နဲ့ ဒီဇင်ဘာ ၁၆ ရက်မှာ ရေထွက် ပေါက်တွေကို ကျဉ်းပြီး ထိန်းသိမ်း ဆောင်ရွက်ပေးထားပါတယ်။
ဒီလို ဆောင်ရွက်လိုက်တဲ့အတွက် မူလကရေကျဆင်းမှုဟာ ၁ဝ ရက်မှာ ရှစ်လက်မကျ ဆင်းနေပြီး ယခုလို ရေထွက်ပေါက်ကျဉ်းပြီးတဲ့အချိန် ၁ဝ ရက်မှာ လေးလက်မသာ ကျဆင်းတော့တာကို တွေ့ရပါတယ်'' ဟု ဆည်မြောင်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းဌေးက ပြောသည်။
''အင်းလေးကန်အတွင်း ရေကျဆင်းမှု သက်သာအောင် ဆောင်ရွက်ပေးတဲ့ နေရာမှာ အခက်အခဲတွေ အများကြီးရှိတဲ့ အခြေအနေမှ အကောင်းဆုံး၊ အဆင်ပြေ ဆုံးဖြစ်အောင် စီမံဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲ မှုဖြစ်စဉ်နဲ့ ပတ်ဝန်းကျင်အနေအထား အဘက်ဘက်က ယိုယွင်းပျက်စီးလာမှုတွေကြောင့် မိုးရွာသွန်းမှုနည်းပါးပြီး ရေဝင်ရောက်မှု နည်းပါးခြင်း၊ ရေတိုက်စား မှုများပြားပြီး နုန်းပို့ချမှုများလာခြင်းကြောင့် ကန်အတွင်းရေဝင်ရောက်မှုဟာ တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာတဲ့ အနေအထားဖြစ်ပါတယ်။ နောက်ပြီး အင်းလေးကန်ဟာ ဒယ်အိုးကြီးနဲ့ သဏ္ဌာန်တူပါတယ်။ မိုးရာသီရေများတဲ့အချိန်မှာ ဒယ်အိုးကြီးပြည့်သလို အင်းလေးကန်အစပ်ထိ ရေတွေရောက်ပြီး ကန်အစပ်က ရွာတွေအထိ ရေလမ်းတွေနဲ့ သွားလာလို့ အဆင်ပြေပါတယ်။ ရေနည်းလာ တဲ့အချိန်မှာတော့ ဒယ်အိုးနှုတ်ခမ်းအထိ ရေမရှိတော့သလို ကန်အစပ်အထိ ရေမရောက်တော့ဘဲ ကန်အစပ်ကရွာတွေနဲ့ အချို့သောရေလမ်းကြောင်းတွေဟာ သွားလာလို့ရတော့မှာ မဟုတ်ဘဲ အဓိကရေလမ်းကြောင်းတွေကတော့ သွားလာ လို့ရပါတယ်။ ကန်အတွင်းမှာတော့ ရေက အမြဲတမ်းရှိနေမှာဖြစ်ပါတယ်''ဟု ၄င်းက ဆက်လက်ပြောပြသည်။
အင်းလေးကန် စိမ်းလန်းစိုပြည်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးကို အင်းလေးကန်အတွင်း၌သာ ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ကန်အတွင်း စီးဝင်သည့်ချောင်းများတွင် ကန်အတွင်းနုန်းပို့ချမှု သက်သာစေရန် နုန်းဖမ်းဆည်များ တည်ဆောက်ခြင်း၊ တည်ဆောက်ပြီး နုန်းထိန်းတမံများ ပြုပြင်ထိန်းသိမ်းခြင်း၊ နှစ်စဉ် ဝင်ရောက်လာသည့် နုန်းများဖယ်ရှားရှင်းလင်းခြင်းစသည့် နည်းလမ်း များနှင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
''နွေရာသီရေနည်းလာချိန်မှာ ကန်အစပ်က အချို့ရေလမ်းကြောင်းတွေ သွားလာလို့မရတာကို အင်းလေးကန်ထဲမှာ ရေခန်းခြောက်နေပြီဆိုပြီး ကောလာဟလသတင်းတွေထွက်နေတာတွေ တွေ့ရပါတယ်။ အဓိကရေလမ်းကြောင်း ဖြစ်တဲ့ ညောင်ရွှေမြို့ကနေ ဖောင်တော်ဦးဘုရားသွားသည့် ရေလမ်းကြောင်း၊ အလိုတော်ပေါက်ဘုရားရေလမ်းကြောင်းတွေကတော့ ရာသီမရွေးသွားလာနိုင်ပါတယ်။ သွားလာလို့ရအောင်လည်း အဓိကထားပြီး ဆောင်ရွက်ပေးထားပါတယ်။ အင်းလေးကန်အတွင်းမှာလည်း ရေအမြဲတမ်းရှိနေပါတယ်။ နောက်ထူးခြား ချက်က အင်းလေးကန်ဟာ ရေကို လိုသလောက်ထိန်းထားပြီး ပိတ်လှောင်ထားလို့ ရတဲ့ကန်မဟုတ်ပါဘူး။ သဘာဝရေကန်တစ်ခုဖြစ်ပြီး ဒီကန်ထဲက စီးဆင်းသွား တဲ့ရေနဲ့ လောပိတရေအားလျှပ်စစ်စက်ရုံ လည်ပတ်ပြီး လျှပ်စစ်ပေးဝေတာတွေ၊ လောပိတနဲ့ အင်းလေးကန်ကြားမှာရှိတဲ့ ကျေးရွာနေပြည်သူတွေရဲ့ စိုက်ပျိုးရေး၊ သုံးစွဲရေးတို့အတွက် လိုအပ်ချက်တွေအပြင် ကန်အတွင်းနဲ့ ကန်အပြင်က ပြည်သူတွေရဲ့ သွားလာရေးအတွက်ပါ ထည့်သွင်းစဉ်းစားပြီး အချိုးညီညီ ထိန်းသိမ်းဆောင်ရွက်ပေးရတဲ့ လုပ်ငန်းဖြစ်ပါတယ်''ဟု ၄င်းက ရှင်းပြသည်။
ရေကတော့ အနည်းငယ် ကျဆင်းသွားပါတယ်။ ဒါပေမယ့် စက်လှေတွေက မောင်းလို့၊ သွားလာလို့ ရနေပါသေးတယ်။ ရွာမရေလမ်းကြောင်း၊ ဖောင်တော်ဦးဘုရားရင်ပြင်ရှေ့အထိ၊ အလိုတော်ပေါက်ဘုရားရေလမ်းကြောင်း၊ ငါးဖယ်ချောင်း ရေလမ်းကြောင်း၊ အင်းပေါခုံရွာရေလမ်းကြောင်းတွေမှာလည်း ဧည့်သည်စက်လှေတွေ သွားလာမောင်းနှင်နေပြီး ဧည့်သည်တွေလည်း နေ့စဉ် လာရောက်လည်ပတ်လျက်ရှိပါတယ်''ဟု စက်လှေမောင်းနှင်သူ ကိုအောင်မိုးဝင်းက ပြောသည်။
ကန်အတွင်း အဓိကစီးဝင်သည့် ချောင်းကြီးများဖြစ်သည့် ဘီလူးချောင်း၊ ကလောချောင်း၊ နမ့်ကတ်ချောင်း၊ နယ်ခြားချောင်းတို့တွင် ရေစီးဝင်မှုများ ရှိနေကြောင်း၊ ရေအနက်မှာ ရေလယ်ဗိုလ်တဲဝန်းကျင်တွင် ၁ဝပေခန့်၊ ဖောင်တော်ဦး ဘုရားရှေ့ ရေလမ်းကြောင်းတွင် လေးပေခန့်ရှိကြောင်း ဆည်မြောင်းဦးစီးဌာနမှ သိရသည်။
သတင်းနှင့်ဓါတ်ပုံ - နေသူရိန်

No comments:

Post a Comment