Thursday, January 14, 2016

စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးသင်တန်းများ စေလွှတ်တက်ရောက်နိုင်ရေး ဆွေးနွေး




The Mirror Daily's photo.


နေပြည်တော် ဇန်နဝါရီ ၁၃

တည်ငြိမ်အေးချမ်းစေချင်သည့်စိတ်၊ တိုးတက်ချင်သည့်စိတ်နှင့် စည်းကမ်းတကျနှင့် နေချင်သည့်စိတ်များ ရှိနေမည်ဆိုလျှင် တစ်ကမ္ဘာလုံးငြိမ်းချမ်းမည်ဖြစ်ပြီး မိမိတို့ နိုင်ငံသည် ဖွံ့ဖြိုးစနိုင်ငံဖြစ်၍ ပို၍အရေးကြီးကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိအောင် ကြိုးစားရမည်ဖြစ်ပြီး ငြိမ်းချမ်းရေးရပြီဆိုပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ကြိုးစားရမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း ဖွံ့ဖြိုးတိုးတက်သော မိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Jaroslav Dolecek ကို လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံမှုတိုးမြှင့်ရေးနှင့် စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးသင်တန်းများ စေလွှတ်တက်ရောက်နိုင်ရေး၊ ယခင်က ပူးပေါင်းဆောင်ရွက်ခဲ့သည့် လယ်ထွန်စက်နှင့် တာယာထုတ်လုပ်ရေးလုပ်ငန်းများကို အခြေခံပြီး စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများတွင် နည်းပညာများနှင့် အတွေ့အကြုံများဖလှယ်၍ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာများအား ဆွေးနွေးကြသည်။

မြန်မာနိုင်ငံသည် ယခင် ချက်ကိုစလိုဗက်ကီးယားနိုင်ငံနှင့် နှစ်ပေါင်း ၆ဝ ကျော် သံတမန်ဆက်ဆံရေးရှိခဲ့ပြီး ယခုချက်သမ္မတနိုင်ငံနှင့် ၁၉၉၃ ခုနှစ်မှစ၍ သံတမန် ဆက်ဆံရေးဆောင်ရွက်ခဲ့ကြောင်း၊ ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံအခြေစိုက် ချက်သမ္မတနိုင်ငံသံရုံးကို စတင်ဖွင့်လှစ်ခဲ့ပြီး Mr. Jaroslav Dolecek သည် ၂ဝ၁၅ ခုနှစ် မေ ၂၆ ရက်တွင် မြန်မာနိုင်ငံ၌ စတင်တာဝန်ထမ်းဆောင်သည့် ပထမဆုံးသံအမတ်ကြီးဖြစ်ကြောင်း သိရသည်။
(မြဝတီ)

No comments:

Post a Comment