Wednesday, January 13, 2016

ဆီးရီးယားအတိုက်အခံတို့ ရုရှား၏ဗုံးကြဲမှု ရပ်စဲစေလို




The Mirror Daily's photo.


ပါရီ ဇန်နဝါရီ ၁၂

ရုရှားနိုင်ငံက ဆီးရီးယားနိုင်ငံအတွင်း ဗုံးကြဲတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေသမျှ ဆီးရီးယားအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် တပ်ဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးရန် စီစဉ်နိုင်ခြင်းမရှိကြောင်း ဆီးရီးယားအတိုက်အခံတစ်ဦးက ပြောကြားသည်။

ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်းနှင့် တွေ့ဆုံပြီးနောက် ရီယဒ် ဟီဂျက်က အထက်ပါအတိုင်း ဇန်နဝါရီ ၁၁ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။ ဟီဂျက်သည် ယခင်က ဆီးရီးယားဝန်ကြီးချုပ်တစ်ဦး ဖြစ်ခဲ့ပြီး လွန်ခဲ့သည့် လေးနှစ်က ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ် အစိုးရဘက်မှ အတိုက်အခံဘက်သို့ ဘက်ပြောင်းသွားခဲ့သူတစ်ဦးဖြစ်သည်။ နိုင်ငံခြားတပ်ဖွဲ့များက ဆီးရီးယားပြည်သူများအပေါ် ဗုံးကြဲနေမည်ဆိုပါက အတိုက်အခံတို့အနေဖြင့် အာဆတ်အစိုးရနှင့် ညှိနှိုင်းဆွေးနွေးမည်မဟုတ်ကြောင်း ဟီဂျက်က ပြောကြားသည်။

ရုရှားတပ်ဖွဲ့များသည် ဆီးရီးယားစာသင်ကျောင်းများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေးသူငယ် အမြောက်အမြား သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း ဟီဂျက်က စွပ်စွဲပြောကြားခဲ့သည်။ ရုရှားနိုင်ငံသည် အာဆတ်အစိုးရကို ထောက်ခံပြီး ဆီးရီးယားအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် အတိုက်အခံအဖွဲ့အစည်းများနှင့် အိုင်အက်စ်အကြမ်းဖက် အုပ်စုတို့ကို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲကို ယခုလနှောင်းပိုင်းတွင် ဂျီနီဗာမြို့၌ ပြုလုပ်သွားရန် စီစဉ်ထားသည်။ ဆီးရီးယားအစိုးရက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အတိုက်အခံဘက်က ကိုယ်စားပြုတက်ရောက်မည့်သူများကို လေ့လာစောင့်ကြည့်လျက်ရှိပြီး အတိုက်အခံဘက်တွင် အကြမ်းဖက်အဖွဲ့အစည်းအချို့လည်းရှိနေသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment