Wednesday, January 13, 2016

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးတည်ဆောက်မှုသမိုင်းတစ်လျှောက် မည်သည့်အခါကမှ မရရှိဖူးခဲ့သည့် နိုင်ငံရေးတည်ငြိမ်မှုနှင့် ပွင့်လင်းလွတ်လပ်မှုများအား အခြေခံပြီး ယနေ့ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးကို ကျင်းပခြင်းဖြစ်


The Mirror Daily's photo.
နေပြည်တော် ဇန်နဝါရီ ၁၂
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ (MICC – 2) ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက် မိန့်ခွန်းပြောကြားသည်။ အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်း ထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ သံအမတ်ကြီးများနှင့် သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်
နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လေ့လာသူများ၊ အထောက်အကူပြုအဖွဲ့များနှင့် အထူး ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်မိန့်ခွန်း ပြောကြားသည်။ (နိုင်ငံတော်သမ္မတ၏မိန့်ခွန်းကို ရှေ့ဖုံးစာမျက်နှာတွင် သီးခြား ဖော်ပြထားပါသည်။)ထို့နောက် နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များနှင့် ကိုယ်စားလှယ်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ပြီး အခမ်းအနားမှ ပြန်လည်ထွက်ခွာသွားသည်။
ယင်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ငြိမ်းချမ်းရေးသည် မြန်မာတစ်မျိုးသားလုံး ပြည်ထောင်စုတစ်ခုလုံး၏ ဂုဏ်သိက္ခာ၊ ဂုဏ်အင်္ဂါနှင့် သက်ဆိုင်ပါကြောင်း၊ ထို့ကြောင့် ဤကိစ္စကို နိုင်ငံသားအားလုံး ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိရန် မဖြစ်မနေလိုအပ်လျက် ရှိပါကြောင်း၊ ငြိမ်းချမ်းရေးရရှိရန် လုပ်ဆောင်ကြရမည်ဖြစ်ပြီး သူ့ကြောင့်ကိုယ့်ကြောင့် လွှဲချနေ၍မဖြစ်တော့ပါကြောင်း၊ ငြိမ်းချမ်းရေးကို မဖြစ်မနေရရှိအောင် လုပ်ဆောင်ရာတွင် သန္နိဋ္ဌာန်နှင့် ရည်ရွယ်ချက် ခိုင်မာပြတ်သားရန် လိုအပ်ပါကြောင်း၊ ငြိမ်းချမ်းရေးအတွက် ခေါင်းဆောင်များနှင့် အဖွဲ့အစည်းများအနေဖြင့် သဘောထားကြီးကြရန်လိုပါကြောင်း၊ အချင်းချင်းစိတ်ရှည်သည်းခံရန်၊ နားလည်ခွင့်လွှတ်နိုင်ရန်၊ လေးစားကြရန်၊ ယုံကြည်ကြရန်၊ မျှမျှတတပြောဆို ဆက်ဆံကြရန်နှင့် ရိုးသားပွင့်လင်းကြရန်လိုအပ်ပါကြောင်း။
ငြိမ်းချမ်းရေးမရရှိသေးခြင်းမှာ လက်နက်ကိုင်ပဋိပက္ခတစ်ခုတည်းကြောင့် မဟုတ်ကြောင်း၊ အမျိုးသားအချင်းချင်း၊ တိုင်းရင်းသားအချင်းချင်း မသင့်မြတ်ခြင်း၊ သဟဇာတမဖြစ်ခြင်း၊ ရန်လိုခြင်း၊ အနိုင်ယူအသာစီးရလိုခြင်းများကိုလည်း နားလည်သဘောပေါက်ကြပြီဟု ထင်မြင်ပါကြောင်း၊ ထိုကိစ္စများကို သဟဇာတညီညွတ်မျှတစေရန်၊ မိတ်ဆွေများဖြစ်လာစေရန် အဖြေရှာ ဆောင်ရွက်ပေးရန် ဤညီလာခံကြီးတွင် တာဝန်ရှိလာပြီဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှုတ်ခွန်းဆက်စကားပြောကြားရာတွင် နိုင်ငံတော်၏ သမိုင်းကြောင်းနှင့် ရင်ဆိုင်ဖြတ်သန်းခဲ့ရသည့် တွေ့ကြုံမှုများအရ တပ်မတော်အနေဖြင့် မြန်မာနိုင်ငံတော်ကြီး ကမ္ဘာနှင့်အညီ ခေတ်နှင့်အမီ ဖွံ့ဖြိုးတိုးတက်လာစေရန် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အခြေခံလိုအပ်ချက်အဖြစ် အစဉ်တစိုက်တည်ကြည်လေးနက်စွာ ခံယူကျင့်သုံး လျက်ရှိပါကြောင်း၊ ၄င်းအချက်များကို အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ရေးအတွက်လည်း တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူအပေါ်တွင် မယိမ်းယိုင်သည့် သစ္စာတရားဖြင့် ခေတ်အဆက်ဆက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ စစ်မှန်သည့် ဒီမိုကရေစီစနစ်အတွက် မိမိတို့နိုင်ငံ၏ ပထမဦးဆုံးနှင့် အရေးကြီးဆုံးလိုအပ်ချက်မှာ တည်ငြိမ်အေးချမ်းရေး ဖြစ်ပါကြောင်း။
တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးအမှန်တကယ်ရရှိစေလိုသော စိတ်ရင်းအမှန်ဖြင့် ပြည်သူလူထုအကျိုးစီးပွားအတွက် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးဆောင်ရွက်သည့် နေရာတွင် ယခင်အတွေ့အကြုံများအရ စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာဆောင်ရွက်နိုင်ရန် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒ (၆) ချက်ကို ချမှတ်အကောင်ထည်ဖော်ခဲ့ပါကြောင်း။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ညီအစ်ကိုများအားလုံး ပြန်လည်သင့်မြတ်ရေးအတွက် အပစ်အခတ်ရပ်စဲရေးဆောင်ရွက်ခဲ့ရာတွင်လည်း တန်းတူအခွင့်အရေးပေးပြီး အပြန်အလှန်ယုံကြည်မှု၊ လေးစားမှု၊ စာနာ ထောက်ထားမှုများနှင့် မိမိဆန္ဒကို ရှေ့တန်းမတင်ဘဲ နိုင်ငံတော်၏အကျိုးကို သယ်ပိုးထမ်းဆောင်လိုသည့် စိတ်နှင့် စိတ်ရှည်သည်းခံစွာ ဆွေးနွေးညှိနှိုင်းခဲ့ သည့်အတွက် NCA(တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်)ကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် သဘောတူလက်မှတ် ရေးထိုးအတည်ပြုခဲ့ကြပါကြောင်း။
လက်မှတ်ရေးထိုးမှုမရှိသေးသည့်အဖွဲ့များအပေါ် တပ်မတော်အနေဖြင့် သံသယစိတ်မထားဘဲ မိမိတို့စိတ်ဆန္ဒအတိုင်း အချိန်မရွေး လက်မှတ်ရေးထိုး နိုင်ရန် တံခါးဖွင့်ထားသကဲ့သို့ နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့၏ ငြိမ်းချမ်းရေးလိုလားသည့် ပြင်းပြသည့်ဆန္ဒအမှန်ကိုလည်း မြင်တွေ့ကြရမည် ဖြစ်ပါကြောင်း။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးသည် နှစ်ပေါင်း ၆ဝ ကျော် ကြာရှည်နေပြီဖြစ်သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို အချိန်တိုအတွင်း ဖြေရှင်းနိုင်ရန်အတွက် ကဏ္ဍအသီးသီးတွင် ပါဝင်ပတ်သက်နေသည့် Stakeholder များ၏ စိတ်ရင်းစေတနာကောင်းများနှင့် မဆုတ်မနစ် ကြိုးပမ်းခဲ့ခြင်း၏ရလဒ်ဖြစ်ပါကြောင်း၊ အဆိုပါရလဒ်အခွင့်ကောင်းကို လက်မလွှတ်တမ်း ဆုပ်ကိုင်ပြီး တိုင်းရင်းသားပြည်သူများ၏ လိုလားချက်ဖြစ်သည့် ဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ဖြစ်ပေါ်ရေး ကြိုးပမ်း လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း။
ယနေ့ငြိမ်းချမ်းရေးညီလာခံတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ လက်နက်ကိုင်တိုင်းရင်းသားကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ ပါဝင်သင့်၊ ပါဝင်ထိုက်သူများ စုံညီစွာပါဝင်ဆွေးနွေးကြမည်ဖြစ်၍ တစ်နိုင်ငံလုံး နှင့်သက်ဆိုင်သည့် ငြိမ်းချမ်းရေးညီလာခံဖြစ်သည်ကို အထင်အရှားတွေ့ရမည် ဖြစ်ကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးသည် NCA လက်မှတ် ရေးထိုးပြီးနောက်ပိုင်းတွင် နိုင်ငံတော်အတွက် သမိုင်းသစ်တစ်ခု ဆက်လက်ဆောင်ရွက်ရမည့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် ခြေလှမ်းသစ်တစ်ရပ် စတင်ခြင်းဖြစ်ပြီး ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟု အပြည့်အဝမျှော်လင့် ပါကြောင်း၊ ထာဝရငြိမ်းချမ်းရေးနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ပေးနိုင်မည့် ညီလာခံကြီးအဖြစ်လည်း ယုံကြည်ပါကြောင်း။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် မိမိနိုင်ငံ မိမိကာကွယ်ရေးအတွက် တပ်မတော် တစ်ရပ်သာ ထားရှိကြသည်ကို တွေ့ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေ ဖြင့်လည်း ယင်းမူဝါဒအတိုင်း ကျင့်သုံးဆောင်ရွက်ပြီး မြန်မာ့တပ်မတော်ကို Standard Army အဖြစ် အဘက်ဘက်က တည်ဆောက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန် ဆန္ဒရှိသည့် တိုင်းရင်းသား လက်နက်ကိုင်များကိုလည်း တပ်မတော်တွင် တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ဖိတ်ခေါ်ကြိုဆိုပါကြောင်း။
မြန်မာနိုင်ငံသမိုင်းတွင် နှစ်ကာလကြာရှည်စွာ ရင်ဆိုင်ဖြတ်သန်းခဲ့ရသည့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်စေရေးအတွက် အရေးကြီးဆုံး မဖြစ်မနေကျင့်သုံးဆောင်ရွက်ရမည့် မဟာဗျူဟာသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပင်ဖြစ်ပါကြောင်း၊ အနာဂတ်နိုင်ငံတော်အတွက်၊ အနာဂတ် မိမိတို့ မြန်မာ့မျိုးဆက်များအတွက်ဆိုတာ လေးလေးနက်နက်ခံယူပြီး စိတ်ရင်း စေတနာမှန်မှန်ဖြင့် အောင်မြင်ပြီးမြောက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် တပ်မတော်အနေဖြင့်လည်း အဖြစ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် အားပေးထောက်ခံပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီဥက္ကဋ္ဌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက်စကားပြောကြားရာတွင် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာစာချုပ်သည် ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် ပထမအစ ခြေလှမ်းသာဖြစ်ပါကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် မလွဲမသွေကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဖွား တိုင်းရင်းသားများအချင်းချင်းအကြားတွင် NCA စာချုပ်ကို လက်မှတ်ရေးထိုးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်ရေးထိုးခြင်း မပြုရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အချင်းချင်း စိတ်ကူးမကွဲပြားရန် အရေးကြီးပါကြောင်း။
အမျိုးသားပြန်လည်သင့်မြတ်ရေးကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လမ်းမှ လျစ်လျူရှုထား၍မရပါကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးမရှိဘဲနှင့် တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေးကို ဘယ်လိုမှ မတည်ဆောက်နိုင်ပါကြောင်း။
တိုင်းရင်းသားများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းသည် တကွဲတပြားစီ လုပ်ဆောင်ခြင်းထက် ပိုပြီးထိရောက်မှုရှိသည်မှာ သာဓကရှိပါကြောင်း၊ ယခုလည်း တိုင်းရင်းသားအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် မိမိတို့ လိုချင်သည့်ပန်းတိုင်ကို မြန်မြန်ဆန်ဆန် အောင်အောင်မြင်မြင် သွားနိုင်မည်ဖြစ်ပါကြောင်း။
တိုင်းရင်းသားများအားလုံး အပြန်အလှန်နားလည်မှု၊ အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန် ချစ်ခင်ရင်းနှီးမှု၊ အပြန်အလှန်လေးစားမှုတို့ဖြင့် ပူးပေါင်းဆောင်ရွက်ကြမှသာ စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ကြီးကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌ စောမူတူး စေးဖိုးက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ဤပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသည် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ရက်ပေါင်း(၉ဝ)အတွင်း အကောင်အထည်ဖော်ရမည့်ကိစ္စကိုစတင်ရင်း နောင်နိုင်ငံတော်တာဝန်ကို ထမ်းဆောင်မည့် အစိုးရအနေဖြင့်လည်း လက်ဆင့်ကမ်းသယ်ဆောင်ရမည့် အရေးပါသည့် ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ရေးအတွက် ပွင့်ဟလာသည့် နိုင်ငံရေး ဆွေးနွေးပွဲ တံခါးပေါက်မှ ပိုမိုပြည့်စုံပြီး အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေးပွဲများဖြစ်လာစေရန် ဆက်လက်ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့သည် Waiting Game ကို ကစားသကဲ့သို့ မလုပ်ကြဘဲ နိုင်ငံရေးကို ပီပီပြင်ပြင် လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း။
နိုင်ငံ၏ ပြဿနာအရပ်ရပ်ကို ဖြေရှင်းရန် အားလုံးလိုလားကြသော်လည်း ပြဿနာအပေါ်တွင် ရှုမြင်သည့်အမြင်များသည် ကွဲပြားခြားနားမှု ရှိတတ်ကြပါကြောင်း၊ ပြဿနာ၏အဖြေကို ချဉ်းကပ်သည့်လမ်းကြောင်းလည်း မတူညီကြပါကြောင်း၊ နိုင်ငံ၏အရေးပါသည့် Institutions များ၏ အတွေးအခေါ် တည်ဆောက်မှုများ မတူညီကြပါကြောင်း၊ ပထဝီအရကွဲပြားနေကြသကဲ့သို့ တိုင်းရင်းသားလူမျိုးများ၏ သမိုင်းနောက်ခံများနှင့် ရုန်းကန်မှုများမှာလည်း မတူညီကြပါကြောင်း၊ ယင်းတို့ကို အသိအမှတ်ပြုပြီး အားလုံးလက်ခံနိုင်သည့် အခြေခံတစ်ခုတည်ဆောက်ပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုအပ်သလို ပြင်ဆင်ပြီးမှသာ လုံခြုံစိတ်ချနိုင်သည့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ရရှိမည်ဖြစ်ပြီး ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို သေချာစေမည်ကိုလည်း ထောက်ပြလိုပါကြောင်း။
ဖွဲ့စည်းပုံ ပြင်ရာတွင်လည်း အခြေခံလမ်းကြောင်းနှစ်ခုရှိပြီး လွှတ်တော်အတွင်း ပြင်ဆင်မှုလမ်းကြောင်းဖြစ်သည့် နိုင်ငံရေးအရ တာဝန်ရှိသူများအကြား အခြေခံဥပဒေနှင့်အညီ ပါဝင်ပြင်ဆင်သည့်လမ်းကြောင်းနှင့် လွှတ်တော်ပြင်ပ လမ်းကြောင်းဟု ခေါ်ဆိုနိုင်သည့် ယခုငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်ပြီး ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်နိုင်သည့်အတွက် အမျိုးသားပြန်လည်ရင်ကြား စေ့ရေးကို ဦးတည်သော နိုင်ငံရေးဆွေးနွေးပွဲလမ်းကြောင်းတို့ ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် (NCA) အနှစ်ချုပ်ကို တင်ပြခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ၏ လုပ်ငန်းအစီရင်ခံစာကို တင်သွင်းခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး စိုင်းကျော်ညွန့်က နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှု မူဘောင်အနှစ်ချုပ်ကို တင်ပြခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ကြီးကြပ်ရေးကော်မတီ (JMC)အဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ လုပ်ငန်းအစီရင်ခံစာကို တင်ပြခြင်းများ ဆောင်ရွက်ပြီး ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)

No comments:

Post a Comment