မုံရွာ ဇန်နဝါရီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ် ညောင်ကန်ကျေးရွာနှင့် အုတ်အိုင်ကျေးရွာအနီး ကြေးခေတ်ယဉ်ကျေးမှုကို ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှစ၍ နေရာခြောက်နေရာတွင် တူးဖော်သုတေသနပြုလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
ကြေးခေတ်ယဉ်ကျေးမှုတူးဖော်ရာတွင် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးဌာနခွဲတို့မှ ဝန်ထမ်းများ၊ ပညာရေးဝန်ကြီးဌာန ရှေးဟောင်းသုတေသနပညာဌာနမှ ဆရာ ဆရာမများနှင့် ပြင်သစ်နိုင်ငံ ရှေးဟောင်းသုတေသနပညာရှင် Dr.Thomas Oliver Pryce ဦးဆောင်သော ပညာရှင် ရှစ်ဦးတို့က ပူးပေါင်းတူးဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ညောင်ကန်ကျေးရွာနှင့် အုတ်အိုင်ကျေးရွာဒေသအနီး ကြေးခေတ်ယဉ်ကျေးမှု သုတေသနပြုရာတွင် ညောင်ကန်တူးဖော်မှု သုံးနေရာနှင့် အုတ်အိုင်တူးဖော်မှု သုံးနေရာ စုစုပေါင်းခြောက်နေရာကို တူးဖော်သုတေသန ပြုလျက်ရှိသည်။ ကြေးခေတ်ယဉ်ကျေးမှုအမွေအနှစ်များမှာ လယ်မြေယာမြေများအောက်တွင်ရှိနေသဖြင့် ဒေသတွင်း ထွန်ယက်စိုက်ပျိုးမှုများ၊ မြေယာအနေအထားများကို ထိန်းသိမ်းထားရှိရန် လိုအပ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဌာနခွဲတာဝန်ရှိသူထံမှ သိရသည်။
ညောင်ကန်တူးဖော်မှုတွင် လူအရိုးများနှင့်အတူ မြှုပ်နှံထားသော အိုးခွက်များ၊ ပုတီးစေ့များ၊ ကျောက်ကွင်းများ၊ ကျောက်ကွင်းအဝိုင်းပြားများနှင့် ကျောက်လက်နက်များ တွေ့ရှိရကြောင်း သိရသည်။ အဆိုပါညောင်ကန်ကျေးရွာ နှင့် အုတ်အိုင်ကျေးရွာဒေသရှိ ကြေးခေတ်ယဉ်ကျေးမှု သုတေသန တူးဖော်ရေးလုပ်ငန်းများကို ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနက ၁၉၉၈ ခုနှစ်မှစတင်၍ တူးဖော်ခဲ့ပြီး မြန်မာနိုင်ငံ သမိုင်းကြေးခေတ်ယဉ်ကျေးမှု အထောက်အထားများကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အရှေ့တောင်အာရှရှိ အိမ်နီးချင်းနိုင်ငံများ ကြေးခေတ်ယဉ်ကျေးမှုဓလေ့နှင့် ကွဲပြားခြားနားသည့် မြန်မာနိုင်ငံ၏ကြေးခေတ်ယဉ်ကျေးမှုဓလေ့သည် မြန်မာ့သမိုင်းတွင် ရှိခဲ့သည့် ကျောက်ခေတ်ယဉ်ကျေးမှုကဲ့သို့ စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲလာသော အစဉ်အလာအတိုင်း ကူးပြောင်းခဲ့သည်ဟု ယူဆနိုင်သလို ယခုလက်ရှိတူးဖော် တွေ့ရှိသော အထောက်အထားများကို တူးဖော်ရေးအဖွဲ့မှ သတ္တဗေဒ၊ မနုဿဗေဒ စသည့် ပညာရှင်များက ရှုထောင့်အသီးသီးမှ လေ့လာသုတေသနပြုကြမည်ဖြစ်ပြီး ညောင်ကန်ကြေးခေတ်ယဉ်ကျေးမှုသက်တမ်းကိုလည်း သိရှိနိုင်ရန် သိပ္ပံနည်းပညာများဖြင့် ဆက်လက်လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်ကျေးမှုဝန်ကြီးဌာန၏ သတင်းများအရ ညောင်ကန်နှင့် အုတ်အိုင်ဒေသရှိ ကြေးခေတ်ယဉ်ကျေးမှုဒေသကြီးသည် အရှေ့တောင်အာရှတွင် အကြီးဆုံးသော ကြေးခေတ် ယဉ်ကျေးမှုနေရာတစ်ခုဖြစ်ကြောင်း သိရသည်။
မျိုးဝင်းထွန်း(မုံရွာ)
No comments:
Post a Comment