Saturday, January 30, 2016

ကြေးမုံရွာတွင် ဆိုင်းဆရာကြီး စိန်ကြာပေါအထိမ်းအမှတ်ရုပ်တု လာရောက်လေ့လာနိုင်



The Mirror Daily's photo.
မြင်းမူ ဇန်နဝါရီ ၂၉

လွတ်လပ်ပြီးစတစ်ခေတ် ဆိုင်းပညာလောကတွင် ထင်ရှားကျော်ကြားခဲ့သော ဆိုင်းဆရာများတွင် ဆိုင်းဆရာကြီးစိန်ကြာပေါသည်လည်း တစ်ယောက်အပါအဝင်ဖြစ်ခဲ့သည်။ စိန်ကြာပေါသည် ငယ်စဉ်ကတည်းက ဆိုင်းပညာများကို အခြေခံမှအစ ဆရာကြီးများထံတွင် ကျိုးနွံစွာ သင်ယူဆည်းပူးခဲ့သည်။ ထို့ကြောင့်လည်း ဆိုင်းပညာရည်ပြည့်ဝသော တပည့်ပေါင်းများစွာကို မွေးထုတ်ပေးနိုင်ခဲ့သော ရွှေတံဆိပ်ဆုရဆိုင်းပညာရှင်ကြီး တစ်ယောက်ဖြစ်ခဲ့သည်။

အနုပညာတာဝန်ကို အလင်္ကာကျော်စွာရွှေမန်းဦးတင်မောင်ကဲ့သို့ပင် သေသည်အထိထမ်း ဆောင်ခဲ့သူဖြစ်သည်။ ဆိုင်းဆရာကြီးစိန်ကြာပေါသည် ကြေးမုံရွာအလှူပွဲတစ်ခုသို့လာရောက် ဖျော်ဖြေရင်း ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။အနုပညာတာဝန်ကို မသေဆုံးမီအချိန်ကလေးအထိ တင်ဆက်ဖျော်ဖြေနိုင်ခဲ့သူလည်းဖြစ်သည်။

ထို့ကြောင့် အမှတ်တရအနေဖြင့် ဤရွာမှာပင် အုတ်ဂူသွင်းကျောက်တိုင်စိုက်ကာရုပ်တုတို့ဖြင့် ယနေ့တိုင်ခန့်ညားစွာဖြင့် ထင်ထင်ရှားရှားတည်ရှိနေသည်ကို တွေ့ရှိရသည်။

ကြေးမုံရွာသူရွာသားများကလည်း ဆိုင်းဆရာကြီးစိန်ကြာပေါအား ဂုဏ်ပြုသောအားဖြင့် စနစ်တကျထိန်းသိမ်းထားသည်ကို တွေ့ရှိရသည်။ သို့ပါသောကြောင့် ဆိုင်းပညာနှင့် ပတ်သက်၍ ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များကိုမှတ်တမ်းပြုစုလိုသူများ၊ ဆိုင်းပညာနှင့်ပတ်သက်၍ စာတမ်းပြုစု လိုသူများအတွက် အထောက်အပံ့ဖြစ်စေခြင်းငှာ ဖော်ပြလိုက်ရပါသည်။ သို့ဖြစ်ပါ၍ မုံရွာ-မန္တလေးကားလမ်းဘေးရှိ ကြေးမုံရွာအဝင်တွင် လာရောက်လေ့လာကြည့်ရှုနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။
(၆၂၄)

No comments:

Post a Comment