မြင်းခြံ ဇန်နဝါရီ ၂၉
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့သည် ခရိုင်ရုံးစိုက်ရာမြို့ကြီးဖြစ်သည်။ ထို့အပြင် မြင်းခြံမြို့သည် ဧရာဝတီမြစ်ကမ်းအနီးတွင်ရှိသဖြင့် ရေလမ်း၊ ကုန်းလမ်းများဖြင့်လည်း အလွယ်တကူ လာရောက်နိုင်ကြသည်။ ထို့ကြောင့် ဒေသအသီးသီးမှ ကုန်သည်၊ ပွဲစား၊ တောင်သူလယ်သမားများ၊ ဈေးရောင်းသူ၊ ဈေးဝယ်သူများဖြင့် စည်ကားပြီး လာရောက်ကြသူများနှင့် ဒေသခံပြည်သူများမှာ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များဖြင့် သွားလာကြသည်။
မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များဖြင့် သွားလာရာ၌ မြို့တွင်းတွင် ယခင်က အချက်ပြမီးပွိုင့်တစ်ခုသာ တပ်ဆင်ထားရှိခဲ့သည်။ ယခု အခါ ခရိုင်မြို့ကြီးနှင့်အညီ အချက်ပြ မီးပွိုင့်နှစ်ခုကို လူစည်ကားရာ သွားလာမှုအများဆုံးနေရာ၊ လမ်းဆုံဖြစ် သောနေရာတွင် ထပ်တိုးတပ်ဆင်ခဲ့သည်။ ယခုကဲ့သို့ အချက်ပြမီးပွိုင့်များ တပ်ဆင်ပေးသဖြင့် ယာဉ်ကြောင့် ဖြစ်သောအန္တရာယ်များ လျော့နည်းခဲ့သည်။ ယခုလို အချက်ပြမီးပွိုင့်များတပ်ဆင်မှုကို ယာဉ်မောင်းသူများက ကြိုက်သူရှိသလို မကြိုက်သူများလည်း ရှိကြသည်။ ကြိုက်ကြသူများမှာ အန္တရာယ်ကင်းသဖြင့် ကြိုက်ကြကြောင်း၊ မကြိုက်သူများမှာ မီးနီနေသည့် အချိန်အနည်းငယ်ကို စောင့်နေရခြင်း၊ အချက်ပြမီးပွိုင့်၏ သဘောသဘာဝကို မသိရှိခြင်းတို့ကြောင့် ဖြစ်သည်။
ထိုသို့ ယာဉ်အန္တရာယ်ကင်းရှင်း စေရန်အတွက် လုပ်ဆောင်နေမှုများကို မြို့နယ်ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးကလည်း မိမိတို့ယာဉ်ထိန်းအဖွဲ့အနေဖြင့် ယာဉ်မောင်းသူများအား အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဟောပြောပွဲများ ဟောပြောခြင်းတို့ကို လုပ်ဆောင်ပေးနေကြောင်း ပြောကြားခဲ့သည်။
ယခုကဲ့သို့ အချက်ပြမီးပွိုင့်များတိုးချဲ့တပ်ဆင်ခြင်း၊ ယာဉ်ထိန်းအဖွဲ့မှ ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ပြည်သူများ သိရှိနားလည်လိုက်နာပါက ယာဉ်ကြောင့်ဖြစ်သော အန္တရာယ်များ လျော့နည်းသွားမည် ဖြစ်သည်။
ဇော်မင်းနိုင်(မြင်းခြံ)
No comments:
Post a Comment