Tuesday, January 12, 2016

ဘောလုံးလောကမှ ရှစ်နှစ်ကြာပိတ်ပင်ထားမှု ဆပ်ဘလတ္တာ လျှောက်လဲချက်တင်မည်




The Mirror Daily's photo.


ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သူ ဆပ်ဘလတ္တာသည် ၎င်းအား ဘောလုံးလောကမှ ရှစ်နှစ်ကြာပိတ်ပင်ခံထားရမှုကို လျှောက်လဲချက်တင်မည် ဖြစ်ကြောင်း ဆပ်ဘလတ္တာ၏ ရှေ့နေဖြစ်သူ ရစ်ချက်ကူးလန်း က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

ဆပ်ဘလတ္တာသည် ယူအီးအက်ဖ်အေဥက္ကဋ္ဌ မိုက်ကယ်ပလာတီနီနှင့်အတူ ၂ဝ၁၁ ခုနှစ်အတွင်းက ဖြစ်ပေါ်ခဲ့သည့် ပလာတီနီထံသို့ ပေါင် ၁ ဒသမ ၃ သန်းငွေပေးချေခဲ့မှုအပေါ် ပြီးခဲ့သည့်ဒီဇင်ဘာ ၂၁ ရက် က ဖီဖာစည်းမျဉ်း၊ စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ဘောလုံးလောကမှ ရှစ်နှစ်ကြာပိတ်ပင်ခြင်းခံခဲ့ရသည်။

ထို့ကြောင့် ဖီဖာ၏ ပိတ်ပင်တားမြစ်ခံရမှုနှင့်စပ်လျဉ်း၍ ဆပ်ဘလတ္တာအနေဖြင့် လျှောက်လဲချက်တင်သွားမည် ဖြစ်ကြောင်းလည်း အေအက်ဖ်ပီက သတင်းဖော်ပြခဲ့သည်။ ဆပ်ဘလတ္တာနှင့် ပလာတီနီတို့သည် ဇူးရစ်မြို့၌ ရုံးထိုင် ကြားနာခဲ့စဉ်က ၎င်းတို့၏ ရှေ့နေများလာရောက်မှုရှိခဲ့သော်လည်း ၎င်းတို့နှစ်ဦးစလုံးမှာ လာရောက်ခဲ့ခြင်းမရှိခဲ့ပေ။ ယင်းသို့ ရုံးထိုင်ကြားနားစဉ်တွင် ဆပ်ဘလတ္တာနှင့် ပလာတီနီတို့ကို ရှစ်နှစ်ကြာပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံတွင်းရော နိုင်ငံပြင်ပမှာပါ ဘောလုံးနှင့် ဆက်စပ်သည့် ဆောင်ရွက်ချက်မှန်သမျှကို လိုက်ပါဆောင်ရွက်ခြင်းမပြုရန်လည်း တားမြစ်ခံခဲ့ရသည်။ ယင်းသို့ ပိတ်ပင်တားမြစ်ခြင်းကို ခံခဲ့ရသည့်အပြင် အမြင့်ဆုံး ဒဏ်ကြေးငွေအဖြစ် ဆပ်ဘလတ္တာအား ပေါင် ၃၃ဝဝဝ နှင့် မိုက်ကယ်ပလာတီနီအား ပေါင် ၅၃ဝဝဝ ဒဏ်ရိုက်ခဲ့ကြောင်းလည်း သိရသည်။

ဆပ်ဘလတ္တာသည် ၎င်းအား ဘောလုံးလောကမှ ရှစ်နှစ်ကြာပိတ်ပင်ခံရပြီးနောက် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင်မူ ဆုံးခန်းတိုင်အောင် တိုက်ပွဲဝင်သွား မည်ဟုဆိုခဲ့ပြီး လက်ရှိတွင် ရှစ်နှစ်ကြာပိတ်ပင်ခံရမှုအား လျှောက်လဲချက်တင်မည်ဟု သတင်းထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ဆပ်ဘလတ္တာသည် ဖီဖာအကြီးအကဲအဖြစ် ၁၉၉၈ ခုနှစ်ကတည်းက တာဝန်ယူခဲ့သူဖြစ်သည်။

ယင်းသို့ ရှစ်နှစ်ကြာ ဘောလုံးလောကသို့ ဝင်ရောက် ခြင်းမပြုရန်ပိတ်ပင်ခဲ့မှုကို တိုက်ဖျက်ရန် ပြင်းထန်သော သန္နိဋ္ဌာန်ချထားခဲ့ပြီး ဖေဖော်ဝါရီ ၂၆ ရက်တွင် ကျင်းပမည့် ဖီဖာဥက္ကဋ္ဌရွေးချယ်ပွဲမတိုင်မီ အပြီးဆောင်ရွက်သွား နိုင်ရန်လည်း ပလာတီနီက မျှော်လင့်ထားသည်။

အမေရိကန်တရားရေးဌာနကလည်း အကျင့်ပျက် ခြစားမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ ဆပ်ဘလတ္တာနှင့် မိုက်ကယ်ပလာတီနီအပါအဝင် ၃၉ ဦးနှင့် ကုမ္ပဏီနှစ်ခုကို တရားစွဲဆိုထားပြီး ဖီဖာတာဝန်ရှိသူ စုစုပေါင်းကိုးဦးကိုလည်း ဖမ်းဆီးထားခဲ့သည်။
(ငွေကြယ်)

No comments:

Post a Comment