Tuesday, January 12, 2016

ဘလွန်းဒီအောဆုအကြောင်း စဉ်းစားထားခြင်းမရှိဟု ဂါရတ်ဘေးလ်ဆို



The Mirror Daily's photo.


ရီးယဲလ်တိုက်စစ်မှူး ဂါရတ်ဘေးလ်က အသင်းအောင်မြင်မှုရရှိရေးအတွက် စိတ်ဝင်စားပြီး တစ်ဦးချင်းထူးချွန်ဆု ဖြစ်သည့် ဘလွန်းဒီအောဆု(ကမ္ဘာ့အကောင်းဆုံးကစားသမားဆု)အကြောင်း စဉ်းစားထားခြင်းမရှိဟု ဖွင့်ဟခဲ့သည်။ ဂါရတ်ဘေးလ်၏ ရီးယဲလ်အသင်းဖော် စီရိုနယ်လ်ဒိုနှင့် ဘာစီလိုနာတိုက်စစ်အတွဲဖြစ်သည့် မက်ဆီ၊ နေမာ တို့မှာ ယခုနှစ် ဘလွန်းဒီအောဆု ဆန်ခါတင်စာရင်းတွင် ပါဝင်နေသည်။ ထို့ကြောင့် ဘေးလ်အား မကြာမီနှစ်များအတွင်း ဘလွန်းဒီအောဆုရရှိနိုင်ရန် ရည်မှန်းထားသလားဟုမေးမြန်းခဲ့ရာ ၎င်းက အသင်းအောင်မြင်ရေးအတွက်သာ အာရုံစိုက်ထားပြီး တစ်ဦးချင်းဆုတံဆိပ်များအပေါ် စိတ်ဝင်စားခြင်းမရှိဟု ပြန်လည်ဖြေကြားခဲ့သည်။

မကြာသေးမီကပင် ဘေးလ်၏ ကိုယ်စားလှယ်ဖြစ်သူက သူ၏ ကစားသမားမှာ မဝေးတော့သည့် အနာဂတ် ကာလအတွင်း ဘလွန်းဒီအောဆုရရှိရန် ရည်မှန်းထားကြောင်းပြောခဲ့သော်လည်း ဘေးလ်ကမူ တစ်ဦးချင်းဆုတံဆိပ်များအပေါ် မည်သည့်အခါကမျှ စိတ်ဝင်စားမှုမရှိခဲ့ကြောင်း တုံ့ပြန်လိုက်သည်။

ဘေးလ်က ''ကျွန်တော့်အတွက် အသင်းနဲ့ရနိုင်သမျှ ဆုဖလားတွေသာ သိမ်းပိုက်ရယူဖို့ကိုပဲ အမြဲတွေးထားပါတယ်။ ဒါကြောင့် တစ်ဦးချင်းဆုတံဆိပ်တွေအပေါ် စိတ်မဝင်စားသလို တွေးလည်း မတွေးထားပါဘူး''ဟု ဆိုသည်။ ဘေးလ်က ၂ဝ၁၃-၂ဝ၁၄ ဘောလုံးရာသီ၌ စပါးမှ ရီးယဲလ်သို့ပြောင်းရွှေ့ကြေး ယူရိုသန်း ၁ဝဝ ဖြင့် ရောက်ရှိလာခဲ့သူဖြစ်ပြီး ယခုနှစ်ဘောလုံးရာသီ ပွဲစဉ်(၁၄)ပွဲ ဝင်ရောက်ကစားပေးခဲ့ရာ၌ သွင်းဂိုး ၁၂ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူဖြစ်သည်။ ဘင်နီတက်ဇ်အား ရီးယဲလ်မှ ထုတ်ပယ်ပြီးနောက် ၎င်းအနေဖြင့် စိတ်ထိခိုက်ရကြောင်း ပြောခဲ့သဖြင့် ရီးယဲလ်မှ ထွက်ခွာတော့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နည်းပြသစ် ဇီဒန်းလက်အောက် ပထမဆုံးကစားခဲ့သည့် ဒီပို့တီပိုနှင့်ပွဲစဉ်တွင်မူ ဟက်ထရစ်(တစ်ပွဲတည်း သုံးဂိုး)သွင်းယူနိုင်ခဲ့သည်။
(မေလဲ့သင်း)

No comments:

Post a Comment