Tuesday, January 12, 2016

ရန်ကုန် စမ်းချောင်းမြို့နယ်၌ ထမင်းအိုးတစ်အိုးကြောင့် အိမ်ခြေ ၁၄ လုံး ဆုံးရှုံးရသည့် မီးလောင်မှုဖြစ်ပွား


The Mirror Daily's photo.
ရန်ကုန် ဇန်နဝါရီ ၁၁
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ကျွန်းတော(မြောက်) ရပ်ကွက်တွင် ယနေ့နံနက် ၁ဝ နာရီ ၅၅ မိနစ်က မီးသွေးမီးဖိုဖြင့် ထမင်းအိုးတည်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၁၄လုံး ဆုံးရှုံးခဲ့သည်။
''မီးလောင်တဲ့သတင်းရတာနဲ့ မီးသတ်ကားစေလွှတ်မှုကို Level-4 အထိ လွှတ်ခဲ့တယ်။ လောင်တဲ့နေရာက အိမ်ခြေကလည်း စိပ်၊ ပျဉ်ထောင်၊ ပျဉ်ခင်းတွေဖြစ်နေတဲ့အပြင် သတင်းပေးနောက်ကျတဲ့အတွက် မီးလောင်မှုများ သွားတာပါ။ လောင်နေတဲ့အချိန်မှာလည်း လေက အရပ်လေးမျက်နှာကို ဝှေ့ပြီးတိုက်နေတဲ့အတွက် အချိန်တိုအတွင်း ကူးစက်လောင်ကျွမ်းမှု မြန်သွားတာပါ''ဟု ရန်ကုန် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဒုတိုင်းဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဝင်းက ပြောသည်။
ဖြစ်စဉ်မှာ အဆိုပါရပ်ကွက် မြသီတာလမ်း အမှတ် (၁ဝ)ရှိ ဒေါ်ရင်သန်း၏ (ကုန်ခြောက်ဆိုင်)အိမ်အပေါ်ထပ် နောက်ဖေးတွင် မီးသွေးမီးဖိုဖြင့် ထမင်းအိုးတည်ထားခဲ့ရာမှ ဘေးပျဉ်ကာသို့ မီးကူးစက်၍ မီးစတင်လောင်ကျွမ်းခဲ့ ခြင်းဖြစ်သည်။
လောင်ကျွမ်းရာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၄၉ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၈၅ ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် ၁၅၇ ဦးတို့က မီးငြှိမ်းသတ်ယာဉ် ၅၅ စီး၊ ရေသယ်ယာဉ်တစ်စီး၊ အထောက်အကူပြုယာဉ်နှစ်စီး၊ တိုင်းကြက်ခြေနီမှ လူနာတင်ယာဉ် ၁ဝ စီး၊ မိတ်ဖက်ယာဉ်နှစ်စီး၊ ကွပ်ကဲမှုယာဉ် ရှစ်စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၃၈ မိနစ်တွင် မီးငြိမ်းသွားသည်။
''မီးလုံးကြီးတက်လာတော့မှ သိရတာ။ အိမ်ချင်းကပ် ရက်ဆိုတော့ ဘာပစ္စည်းမှ ယူချိန်မရလိုက်ဘူး။ ဖိနပ် တောင်မပါဘဲထွက်ပြေးခဲ့ရတယ်။ တချို့တွေဆိုအိမ်အပေါ် ထပ်ကနေ ခုန်ဆင်းတာတွေရှိတယ်။ ကျွန်မတို့အိမ်ဆို ပြာပုံဖြစ်သွားပြီ။ အချိန်တိုအတွင်း အားကောင်းကောင်းနဲ့လောင်တာဆိုတော့ မီးလောင်ခံရတဲ့အိမ်တိုင်းလိုလို ဘာပစ္စည်းမှ ယူချိန်မရလောက်ပါဘူး''ဟု အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ ဒေါ်သန်းက သူ၏အတွေ့ အကြုံကို ပြောသည်။
ထိုမီးလောင်မှုသည် ရှမ်းလမ်းဈေးကပ်လျက်တွင် ဖြစ်ပွားခဲ့မှုအပေါ် ဈေးသည် ဒေါ်ခင်အေးက ''မီးလောင်တော့ ဆိုင်ရှင်တွေက ပစ္စည်းတွေကို ဈေးအပြင် ရွှေ့ထား ကြတယ်။ အချိန်မီ မီးငြှိမ်းသတ်နိုင်လို့ ဈေးဘက်ကို မကူးခဲ့တာပါ။ လွန်ခဲ့တဲ့လေးနှစ်လောက်က ဒီဈေးလည်း မီးလောင်ခဲ့ဖူးတော့ ကျွန်မတို့လည်း ကြောက်တာပေါ့''ဟု ပြောသည်။
မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်အိမ် ၁ဝ လုံး၊ သံကူကွန်ကရစ် တိုက်တစ်လုံး၊ အုတ်ညှပ်တိုက်တစ်လုံး၊ တိုက်ခံအိမ်အပေါ်ထပ်နှင့် ကွန်ကရစ်တိုက်မျက်နှာကြက်တို့အပါအဝင် စုစုပေါင်း နေအိမ် ၁၄ လုံး မီးလောင်ကျွမ်းခဲ့ပြီး အဆောက်အအုံနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သည်။
ယင်းမီးလောင်မှုကြောင့် အိမ်ရှင်ဒေါ်ရင်သန်းအား စမ်းချောင်းမြို့နယ် ရဲစခန်းက (ပ)၁၆/၂ဝ၁၆၊ ပုဒ်မ-၂၈၅ ဖြင့် အရေးယူထားပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် အိမ်ထောင်စု ၂၇ စု(လူဦးရေ ၁ဝ၆ ဦး)တို့ကို သက်ဆိုင်ရာ က လင်းလွန်း(မြောက်)ရပ်ကွက်ရှိ ရှမ်းလမ်းဓမ္မာရုံတွင် ယာယီမီးဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ ကူညီစောင့် ရှောက်မှုပေးလျက်ရှိသည်။
အလားတူ ယင်းနေ့နံနက် ၃ နာရီ ဝ၅ မိနစ်တွင် မရမ်းကုန်းမြို့နယ် (၁ဝ)ရပ်ကွက် ကန်ရိပ်သာလမ်း၌ ပြန်လည်ပြုပြင်တည်ဆောက်နေသော RC နှစ်ထပ်တိုက် အတွင်း လှေကားအောက်ရှိ Change Over အပူ လွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်။
ယင်းမီးလောင်မှုကြောင့် အပေါ်ထုပ်တန်း၊ လျောက်တန်း၊ လှေကားတို့ မီးလောင်ခဲ့၍ ညစောင့် ဦးသန်းနိုင် ကျော်အား မရမ်းကုန်းမြို့မရဲစခန်းက (ပ)၃၃/၂ဝ၁၆၊ ပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ယခု မီးလောင်မှု အပါအဝင် ဇန်နဝါရီ ၁ ရက်မှ ၁၁ ရက်အထိ မီးလောင်မှု (၁ဝ)ကြိမ်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။
သတင်း-ဇော်ကြီး(ပဏီတ)၊
ဓာတ်ပုံ-တင်မောင်ဦး(အလုံ)

No comments:

Post a Comment