Tuesday, January 12, 2016

ဝင်ငွေခွန်စည်းကြပ်မှု နှုန်းထားသတ်မှတ်မှုများကို လက်တွေ့အခြေအနေနှင့် ကိုက်ညီသည့်နှုန်းထားဖြစ်အောင် ဆောင်ရွက်ပေးရမည်



The Mirror Daily's photo.


နေပြည်တော် ဇန်နဝါရီ ၁၁

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၈)ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင်ကျင်းရာ ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်၏ သဘောတူညီချက်ရယူခြင်း၊ အစီရင်ခံစာ(၂)ခုဖတ်ကြားခြင်းနှင့် ၂ဝ၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းအား ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် လစ်လပ်လျက်ရှိသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်နေရာတွင် ဒုတိယစာရင်းစစ်ချုပ်အား ခန့်အပ်တာဝန်ပေးရန်ကိစ္စအား လွှတ်တော်ကကန့်ကွက်ချက် တစ်စုံတစ်ရာမရှိသည့်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့်အား ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း လွှတ်တော်နာယက က ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ သဘောထား မှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော အထူးကုန်စည် ခွန်ဥပဒေကြမ်း၊ ဥပဒေဆိုင်ရာအထောက်အကူပေးရေး ဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီက ကော်မတီ၏လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာများကို လွှတ်တော်သို့ဖတ်ကြား တင်ပြသည်။

ထို့နောက် လွှတ်တော်နာယက က ယင်းဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် ၂ဝ၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး လွှတ်တော်နာယက က အခွန်ဥပဒေကြမ်းနှင့် ဝင်ငွေခွန်စည်းကြပ်မှုနှုန်းထား သတ်မှတ်မှုများကို လက်တွေ့အခြေအနေနှင့် ကိုက်ညီသည့်နှုန်းထားဖြစ်အောင် လွှတ်တော်ကော်မတီများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းများ ဆွေးနွေးညှိနှိုင်းပြီး မှန်မှန်ကန်ကန်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဝန်ထမ်းများသာမက အခွန်ထမ်းပြည်သူများအနေဖြင့်လည်း အခွန်ဆောင်ရန် ပိုမိုစိတ်ဝင်စားလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးစီးပွားအတွက် အလေးထားဆွေးနွေး ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment