Thursday, January 14, 2016

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအပြီးတွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများပြည်နယ်အသီးသီးတွင် ဆက်လက်ပြုလုပ်နိုင်ရန် စီစဉ်လျက်ရှိ



The Mirror Daily's photo.



သတင်း-ရဲခေါင်ညွန့်၊ ဓာတ်ပုံ-ဖိုးထောင်

နေပြည်တော် ဇန်နဝါရီ ၁၃

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအပြီးတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ (NCA) စာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြည်နယ်အသီးသီးတွင် ပြုလုပ်သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံမှ သိရသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ချင်းပြည်နယ်နှင့် ချင်းလူမျိုးများရှိသည့် နေရာများတွင် ပြုလုပ်သွားမည့်အခြေအနေနှင့် ပတ်သက်၍ ''ဒီညီလာခံပြီးတာနဲ့ ချင်းအမျိုးသား တပ်ဦးညီလာခံကျင်းပမယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ချင်းပြည်နယ်တစ်ခုလုံး သာမကဘဲ ချင်းလူမျိုးရှိတဲ့နေရာတိုင်းမှာ လုပ်မယ်။ ကျွန်တော်တို့လိုပဲ အားလုံးကလည်း ဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့အနေနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ရဲ့ အခြေခံလမ်းညွှန်ကို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ချမှတ်ထားပြီးသားပါ။ ချမှတ်ထားတဲ့ အခြေခံလမ်းညွှန်ထဲမှာ ဘာတွေပါသလဲ ဆိုရင် ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံပြီးပြီးချင်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ဆောင်ရွက်နိုင်အောင် ကြိုးစားမယ်လို့ဖော်ပြထားပါတယ်။ တစ်ပြည်လုံး အတိုင်းအတာနဲ့ ဆွေးနွေးပွဲတွေ လုပ်ဆောင်ရာမှာ အဆင်သင့်ဖြစ်ပြီးသားအဖွဲ့တွေက စတင်ဆောင်ရွက်မယ်။ အဆင်သင့်မဖြစ်သေးတဲ့ အဖွဲ့တွေက နောက်မှဆောင်ရွက်မယ်'' ဟု ချင်းအမျိုးသားတပ်ဦး (CNF) ၏ အဓိပတိ ကောင်စီဝင် ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းက ပြောသည်။

ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဒုတိယနေ့ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် ဆက်လက်ကျင်းပရာ အစိုးရကိုယ်စားလှယ်များအစုအဖွဲ့၊ လွှတ်တော်များမှ ကိုယ်စားလှယ်များအစုအဖွဲ့၊ တပ်မတော်မှ ကိုယ်စားလှယ်များအစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအစုအဖွဲ့၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များအစုအဖွဲ့၊ တိုင်းရင်းသား ကိုယ်စားလှယ်များအစုအဖွဲ့နှင့် ပါဝင်သင့် ပါဝင်ထိုက်သူများအစုအဖွဲ့တို့မှ ကိုယ်စားလှယ်များက အခန်း(၇)ခန်းခွဲ၍ ညီလာခံတတိယနေ့တွင် ဆွေးနွေးသွားမည့် ခေါင်းစဉ်(၅)ခုကို ဆွေးနွေးခဲ့ကြသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ အတွင်းရေးမှူးဖြစ်သူ ဒေါ်စောမြရာဇာလင်းက ''အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ရခိုင်မှာဆိုလည်းရခိုင်၊ ရှမ်းမှာဆိုလည်း ရှမ်း၊ ချင်းမှာဆိုလည်းချင်းလုပ်မှာပါ။ ပြည်နယ်အားလုံးမှာလုပ်ဖို့ ကျွန်မတို့စဉ်းစားထားတာရှိပါတယ်။ ဒီညီလာခံပြီးတာနဲ့ UPDJC မှာ ကျွန်မတို့ ဆုံးဖြတ်ချက်ပြီးရင် စမှာပါ။ လောလောဆယ်ရန်ပုံငွေအတွက် ကြိုးစားနေတယ်။ အမြန်ဆုံးလုပ်မှာပါ။ ကျွန်မတို့အနေနဲ့ ရခိုင်အားလုံး ပါဝင်အောင်လုပ်မှာပါ။ ဧရာဝတီနဲ့ ပလက်ဝမှာရှိနေတဲ့ရခိုင်တွေအထိ ရခိုင်လူမျိုးတွေရှိတဲ့ နေရာတွေ အားလုံးပါဝင်နိုင်ဖို့အထိ ကြိုးစားမှာပါ။ ကျွန်မပြောချင်တာကတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုမရှိဘဲ နိုင်ငံရေးကို ကောင်းကောင်းမွန်မွန် အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူး။ စစ်ပွဲတွေအားလုံးရပ်ဆိုင်းပြီးမှ နိုင်ငံရေးဆွေးနွေးမှုကို အကောင်အထည်ဖော်သင့်တယ်။ နိုင်ငံရေးဆွေး နွေးမှုမှာ အားလုံးပါဝင်လာတဲ့ ဆွေးနွေးမှုတစ်ခုဖြစ်ရင်တော့ ကျွန်မတို့ မှန်းထားတဲ့ မျှော်လင့်ချက်ကို အမြန်ဆုံးရောက်နိုင်ပါတယ်''ဟုပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ ခံတတိယနေ့နှင့်စတုတ္ထနေ့များတွင် သက်ဆိုင်ရာ အစုအဖွဲ့အလိုက်မှ ဆွေးနွေးလျက်ရှိသည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များတွင် ပါဝင်သည့် အကြောင်းအရာများအား အစုအဖွဲ့ ခုနစ်ဖွဲ့တွင်ပါဝင်သော ကိုယ်စားလှယ်များက ကဏ္ဍငါးခုခွဲ၍ အခန်းငါးခန်းတွင် အုပ်စုအလိုက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၏ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ''အခုက ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးညီလာခံကို လုပ်လိုက်ပြီ။ တစ်ပြိုင်နက်တည်းမှာအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကိုလည်း စဉ်ဆက်မပြတ်လုပ်ရမယ်။ လူမျိုး အလိုက်ဖြစ်စေ၊ အကြောင်းအရာအလိုက် ဖြစ်စေ၊ ဒေသအလိုက်ဖြစ်စေ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ရမယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲက ကိုယ့်ရဲ့အခြေအနေအတိုင်း ကျင်းပလို့ရတယ်။၂ဝ၁၅ ခုနှစ် ဖေဖော် ဝါရီလတုန်းက ပအိုဝ်းအမျိုးသား နှီးနှောဖလှယ်ပွဲကို သထုံမှာကျွန်တော်တို့ လုပ်ခဲ့ပြီးပါပြီ။ နောက်ဒေသအလိုက် ဆွေးနွေးပွဲတွေ လုပ်ရမယ်။ ကျွန်တော်တို့ ပအိုဝ်းတိုင်းရင်းသားတွေက ဒေသအလိုက်ပျံ့နှံ့နေတာပါ။ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်မှာရှိတဲ့ ပအိုဝ်းတွေကို ဒေသအလိုက် ဆွေးနွေးပွဲတွေလုပ်ရမယ်။ လုပ်ပြီးရင် ပအိုဝ်း တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ ဗဟိုညီလာခံအနေနဲ့ အမျိုးသားအဆင့်နိုင်ငံရေးညီလာခံကို လုပ်ရပါ မယ်''ဟု အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်မည့်အကြောင်း အရာနှင့်ပတ်သက်၍ ဖြေကြားသည်။

No comments:

Post a Comment