Thursday, January 14, 2016

ရွှေဘိုဒေသ၌ မိုးစပါးလှိုင်လှိုင်ပေါ်နေသော်လည်း စပါးဈေးနှုန်းကျဆင်းခြင်းမရှိဘဲ ဝယ်လိုအားကောင်းနေမှုကြောင့် ဈေးနှုန်းမြင့်တက်နေ


The Mirror Daily's photo.
ရွှေဘို ဇန်နဝါရီ ၁၃
ရွှေဘိုခရိုင်ဒေသ၌ မိုးစပါး ရွှေဘို ပေါ်ဆန်းမွှေး လှိုင်လှိုင်ပေါ်နေသော်လည်း စပါးဈေးနှုန်းကျဆင်းခြင်း မရှိဘဲ ဝယ်လိုအားကောင်းနေမှုကြောင့် ဈေးနှုန်းတရိပ်ရိပ်မြင့်တက်နေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
ရွှေဘိုပေါ်ဆန်းမွှေးစပါးစိုက်ပျိုးပြီး ရောင်းချလျက်ရှိသည့် ခင်ဦးမြို့နယ် ကန်သစ်ကျေးရွာမှ တောင်သူ ဦးသန်းထွန်းက ''ရွှေဘိုပေါ်ဆန်းမွှေးစပါး စပေါ်ပေါ်ချင်း တင်းတစ်ရာကို ငွေကျပ် ရှစ်သိန်းခွဲကနေ စပါး လှိုင်လှိုင်ပေါ်နေပေမယ့်လည်း စပါးဈေးနှုန်းကျဆင်းမှုမရှိဘဲ တစ်ရက် တစ်ဈေးဆိုသလို စပါးပွဲစားတွေက ကျပ်တစ်သောင်းထိ တိုးမြှင့်ပေးပြီး ဝယ်ယူနေကြပါတယ်။
''အခုအချိန်မှာ စပါးအရည်အသွေးနဲ့ စပါးတင်းအရေအတွက်အလိုက် စပါးဈေးနှုန်းကတော့ ငွေကျပ် ကိုးသိန်းခွဲနဲ့ ဆယ်သိန်းကြား အရောင်းအဝယ်ဖြစ်နေပါတယ်။ မိုးစပါးပေါ်ဆန်းမွှေး လှိုင်လှိုင်ပေါ်နေသော်လည်း စပါးဈေးနှုန်း ကျဆင်းခြင်းမရှိဘဲ ဝယ်လိုအား ကောင်းနေမှုကြောင့် ဈေးနှုန်းတရိပ်ရိပ်မြင့်တက်နေခြင်း ဖြစ်ပါတယ်'' ဟု ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒေသသည် မိုးကောင်းသောက် (မိုးရွာရေ) လယ်မြေနှင့် သဖန်းဆိပ်ဆည်ရေ သောက်လယ်မြေ စုစုပေါင်းဧက ငါးသိန်းကျော်ကို မိုးစပါးအဖြစ် စိုက်ပျိုး ခဲ့ရာ ရွှေဘိုပေါ်ဆန်းမွှေးစပါးအား ဧကထက်ဝက်နီးပါး စိုက်ပျိုးခဲ့ကြသည်။
ရွှေဘိုပေါ်ဆန်းမွှေးစပါးကို ဆန်အဖြစ်ကြိတ်ခွဲရောင်းချခြင်းကို အဓိက အားထား၍ မပြုလုပ်ဘဲ ယခင်နှစ်လို စပါးတင်းတစ်ရာလျှင် ငွေကျပ် ၁၄ သိန်းထိ အရောင်းအဝယ်ဖြစ်ခဲ့ သည်ကိုမျှော်၍ စပါးများ ဝယ်ယူစုဆောင်း သိုလှောင်နေခြင်းဖြစ်ကြောင်း၊ ရွှေဘိုပေါ်ဆန်းမွှေး ဆန်အသစ် (၂၄ ပြည်ဝင်)တစ်အိတ်လျှင် ဆန်အရည်အသွေးအလိုက် ကျပ် ၃၅ဝဝဝ ဝန်းကျင်၊ ရွှေဘို ပေါ်ဆန်းမွှေးဆန်အဟောင်း တစ်အိတ်လျှင် ကျပ် ၄၅ဝဝဝ ဝန်းကျင်၊ ရွှေဘိုပေါ်ဆန်းမွှေးစပါးအဟောင်း တင်းတစ်ရာလျှင် ကျပ် ၁၂ သိန်းခွဲ ဝန်းကျင်နှင့် အရောင်းအဝယ်ဖြစ်နေ ကြကြောင်း ဒေသခံစပါးပွဲစားများ ထံမှ သိရသည်။
(ရောင်နီတင်ဝင်း)

No comments:

Post a Comment