Thursday, January 14, 2016

(14.1.2016) ကြေးမုံစာတည်းရှုထောင့်



မမှန်သတင်းများကို သတိထား
===================
ယခုတစ်လော ကောလာဟလသတင်းများ ဟိုနား၊ ဒီနားမှ မကြာခဏ ကြားသိနေရသည်။ ထိုသို့ကြားသိရသောကြောင့် လက်ငင်းရလဒ်မှာ မိဘပြည်သူများ စိုးရိမ်ထိတ်လန့်ခြင်းကိုဖြစ်ပေါ်စေသည်။ အမှန်တကယ်တွင် ဟုတ်၏၊ မဟုတ်၏ မည်သူမျှ ခိုင်ခိုင်မာမာ မသိရှိခဲ့ချေ။ မမှန်သတင်း ကြားရခြင်းသာဖြစ်သည်။ ထိုသတင်းမှာ ကလေးများပျောက်ဆုံးနေသော သတင်းဖြစ်သည်။
အစောပိုင်းအချိန်ကာလက ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် ကြားသိခဲ့ရပြီး ဒေသခံပြည်သူများ စိုးရိမ်သောကဖြစ်ကြရသဖြင့် သက်ဆိုင်ရာနှင့် နီးစပ်ရာအဖွဲ့အစည်းများက ပြည်သူများအား အဖြစ်မှန်ကို ရှင်းလင်းပြောကြားပေးခဲ့ရသည်။ သို့သော် ထိုမျှနှင့်မပြီးသေးဘဲ ဟိုမြို့၊ သည်မြို့များတွင် ဆက်လက်ကြားသိကြရပြန်သည်။ မကြာသေးသည့်ရက်က မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်ရှိ ရပ်ကွက်တစ်ခုတွင် ကောလာဟလသတင်း ထပ်မံကြားသိရပြန်သည်။
ထိုသတင်းမဖြစ်ပေါ်ခင်ကလည်း ယင်းဒေသတွင်ပင် အမျိုးသမီးတစ်ဦးအား မမှန်စွပ်စွဲကာ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသဖြင့် ကျိုးပဲ့ဒဏ်ရာရခဲ့ဖူးသည်။ အောင်လံမြို့နယ်တွင် ဖြစ်ခဲ့သည့်အဖြစ်မှာ အခြေအမြစ်မရှိဘဲ ကိုယ့်ဒုက္ခကို ကိုယ်ရှာခဲ့သလိုဖြစ်နေသည်။ အကယ်၍ကောလာဟလသတင်းကြောင့် လူစုလူဝေးဖြစ်ပွားချိန်တွင် မသမာသူ သို့မဟုတ် စဉ်းစားဥာဏ်နည်းသူ သို့မဟုတ် ဖျက်လိုဖျက်ဆီးလုပ်လိုသူတစ်ဦးဦးက တစ်စုံတစ်ယောက်အား လက်ညှိုးထိုးစွပ်စွဲလိုက်မည်ဆိုလျှင် မတွေးဝံ့စရာအဖြစ်မျိုး ဖြစ်ပွားသွားနိုင်ပေသည်။
ထိုအဖြစ်တွင် ညအချိန်၌ ''ကလေးသူခိုး''ဟု အသံကြားလိုက်ရာမှ လမ်းမပေါ်တွင် တုတ်၊ ဓားကိုင်သည့် လူစုလူဝေးများဖြစ်ပေါ်ကာ တကယ်မရှိသည့် ကလေးသူခိုးကို လိုက်လံရှာဖွေကြသည့် အဆင်ခြင်မဲ့သည့်အဖြစ် ပေတည်း။ အမှန်တကယ်တွင် ကလေးခိုးယူသည့်အဖြစ်ကို မည်သူမျှခိုင်ခိုင်မာမာ တွေ့ရှိခြင်းမရှိပေ။ အသံကြားရုံမျှဖြင့် လှုပ်လှုပ်ရွရွဖြစ်လာသည်ကို မသမာသူတို့ မြင်တွေ့လျှင် သဘောကျကြပေလိမ့်မည်။
မည်သည့်ကိစ္စဖြစ်ဖြစ် စဉ်းစားဆင်ခြင်ဥာဏ်ဖြင့် ဆုံးဖြတ်ဆောင်ရွက်ခြင်းသည် မှန်ကန်မှုကိုဖြစ်စေသည်။ ထိုအဖြစ်မျိုး ယခုကာလအတွင်း ဆက်တိုက် ဖြစ်ပွားလာသည်မှာ မသမာသူတို့၏ လက်ချက်သာဖြစ်နိုင်သည်။ မိမိတို့နိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး စပ်ကူးမတ်ကူးကာလများတွင် ပျက်စီးရာ ပျက်စီးကြောင်း ပြုလုပ်လိုသူတို့မှာ ရှိစမြဲဖြစ်သည်။ ကောလာဟလသတင်း ထုတ်လွှင့်ခြင်း၊ အဖြစ်တစ်ခုကိုဖန်တီး၍ နိုင်ငံမတည်ငြိမ်ဖြစ်ပွားအောင် သွေးထိုးလှုံ့ဆော်ခြင်း စသည်တို့ဖြစ်နိုင်သည်ကို တိုင်းရင်းသားပြည်သူအားလုံး သတိပြုရမည်ဖြစ်သည်။
အမှန်တကယ်ဖြစ်ပွားပါကလည်း သက်ဆိုင်ရာ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရပ်ရွာလူကြီးများ၊ ရပ်ရွာလုံခြုံရေးအဖွဲ့များရှိပြီးဖြစ်ရာ စတင်မြင်တွေ့သူသည် (ကြားသိသူမပါ) စဉ်းစားဆင်ခြင်တတ်သူ တစ်ဦးမဟုတ် တစ်ဦးကို အသိပေးပြောကြားပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ကိုင်ကြရ မည်သာဖြစ်သည်။
ရပ်ရွာများတွင် အကြောင်းပေါ်ပေါက်လာပါက ညီညီညွတ်ညွတ် ရှိကြသည်မှာ အထူးကောင်းမွန်ပါသည်။ သို့သော် သာရေး၊ နာရေး၊ လူမှုရေး ကိစ္စများတွင် ပြောဆိုစုစည်းစရာမလိုဘဲ ပူးပေါင်းဆောင်ရွက်ကြလေ့ရှိပါသည်။ လုံခြုံရေးနှင့်သက်ဆိုင်သောကိစ္စများတွင်မူ ဖြစ်စဉ်ကို ကိုယ်တိုင်ကြုံ တွေ့ပါက တာဝန်သိပြည်သူတစ်ယောက်အနေဖြင့် သက်ဆိုင်ရာသို့ အသိပေး၍ ပါဝင်ဆောင်ရွက်သင့်ပါသည်။ သို့မဟုတ်ပါမူ မိမိတို့ဘာသာ ထင်ရာကြဲနေပါက မင်းမဲ့စရိုက်ဖြစ်ပေလိမ့်မည်။ ကောလာဟလအဖြစ်များ ကျယ်ပြန့်လာပါက နောက်ဆုံးတွင် တိုင်းပြည်ပျက်စီးခြင်းဖြစ်နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။
မိမိတို့နိုင်ငံတွင် ထိုအဖြစ်မျိုးနှင့်ပတ်သက်၍ သမိုင်းသင်ခန်းစာများ အခိုင်အမာရှိပြီးဖြစ်သည်။ ၁၉၈၈ ခုနှစ် တိုင်းပြည်အုပ်ချုပ်ရေး ပျက်ပြားစဉ်အချိန်ကာလက ဖြစ်စဉ်များ၊ ရှေးမြန်မာပျူရာဇဝင်သမိုင်း၌ လေပွေကြီးလာ၍ ဆန်ကောလွင့်သည်ကို စကောရှင်မိန်းမက ''ငါ့စကော..ငါ့စကော''အော်လိုက်သည်မှအစပြု၍ သရေခေတ္တရာပြည်ကြီး ပျက်စီးရသည့်အဖြစ်များကို သင်ခန်းစာယူကြရမည်ဖြစ်သည်။ ။

No comments:

Post a Comment