Sunday, January 31, 2016

ဆရာသခင်၊ ရာမ၊ လက္ခဏာ၊ သီတာဒေဝီ ပန်းတော်ဆက်ပွဲတော် ပုသိမ်မြို့၌ ကျင်းပ




The Mirror Daily's photo.


ပုသိမ် ဇန်နဝါရီ ၃ဝ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၂)ရပ်ကွက် ယိုးဒယားကုန်း တောင်တော်၌တည်ရှိသော ဆရာသခင်၊ ရာမ၊ လက္ခဏာ၊ သီတာဒေဝီ နန်းပြာသာဒ်၌ ပန်းတော်ဆက်ပွဲတော်ကို ဇန်နဝါရီ ၃ဝ ရက်မှအစပြု၍ သုံးရက်တိုင်တိုင် ကျင်းပလျက်ရှိရာ အမြို့မြို့အနယ်နယ်မှ ပန်းတော်ဆက်သသူများနှင့် ပန်းမျိုးစုံရောင်းချသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပန်းတော်ဆက်ပွဲတော်မှာ မြန်မာနိုင်ငံတွင် ပုသိမ်မြို့တစ်မြို့တည်းသာ ကျင်းပသောပွဲတော်ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၁၂၂ ခုနှစ်က အလောင်းမင်းတရားကြီး ဦးအောင်ဇေယျလက်ထက် အယုဒ္ဓယပြည်မှ စစ်သုံ့ပန်းများကို ပုသိမ်မြို့နယ် ယိုးဒယားကုန်းဟု အမည်တွင်ရှိမည့် တောင်ကုန်း၌ နေထိုင်ခွင့်ပြုထားသည်။ ၎င်းတို့၏ ရိုးရာဓလေ့ထုံးတမ်း စဉ်လာအတိုင်း ဆရာသခင်၊ ရာမ၊ လက္ခဏာ၊ သီတာဒေဝီ နန်းပြာသာဒ် တည်ဆောက်၍ နှစ်စဉ် ပြာသိုလရောက်ရှိသည့်အခါတိုင်း နှင်းဆီ၊ ဒေါန၊ သဇင်၊ ပန်းတော်ဝင်များနှင့် အမွှေးနံ့သာ၊ ချိုချဉ်သစ်သီးစုံလင်စွာဖြင့် ဆက်သကြသည်။

ဤသို့ ဆရာသခင်၊ ရာမ၊ လက္ခဏာ၊ သီတာဒေဝီယုံကြည်စွာ ပန်းတော်ဆက် ပွဲကျင်းပခဲ့ခြင်းကြောင့် စစ်သုံ့ပန်းများသည် အချုပ်အနှောင်မှ ကင်းလွတ်ကြရ၏။ ကွဲကွာနေခဲ့ကြသော ချစ်ကြင်သူဇနီးသားမယားတို့ဖြင့် ပြန်လည်ပေါင်းသင်းရ၏။ စီးပွားဥစ္စာ ပေါကြွယ်ဝ၏။ မီးဘေးရေဘေး ကင်းဝေးရသည်ဟူသော ယုံကြည်မှုအတိုင်း ပြီးပြည့်စုံစွာအောင်မြင်မှုများ ရရှိခဲ့ကြသည်။ ထိုအစဉ်လာမှ ပုသိမ်မြို့၌ ယိုးဒယား ရာမဇာတ်တော်ကြီးဖြင့် ပန်းတော်ဆက်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ နှစ်စဉ်မပျက် ကျင်းပလျက်ရှိကြောင်း ယိုးဒယားကုန်းဇာတိ အသက်(၉ဝ)ကျော် အငြိမ်းစားဆရာမကြီး ဒေါ်လှလှက ပြောပြသည်။
အဆိုပါပွဲတော်သို့ ရန်ကုန်မြို့မှ ပုသိမ်မြို့အထိ မြင့်မြန်မာမှန်လုံယာဉ်မှ အခမဲ့ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
(ပုသိမ်လှကြည်)

No comments:

Post a Comment