Sunday, January 31, 2016

ဇီကာဗိုင်းရပ်(စ်)ပိုးတိုက်ဖျက်ရေးသည် တစ်မျိုးသားလုံး၏တာဝန်ဖြစ်ကြောင်း သမ္မတ ဒီလ်မာရာအူဆက်ဖ်ကဆို


The Mirror Daily's photo.
ဘရာဇီးလီးယား ဇန်နဝါရီ ၃ဝ
ဘရာဇီးနိုင်ငံတွင် ပျံ့နှံ့လျက်ရှိသော ဇီကာဗိုင်းရပ်(စ်)ပိုးကူးစက်မှုကို အလျင်အမြန် ထိန်းချုပ်နိုင်ရန်အတွက် ကြိုးပမ်းတိုက်ဖျက်ရေးသည် တစ်မျိုးသားလုံး၏တာဝန်ဖြစ်သည်ဟု ဘရာဇီးသမ္မတ ဒီလ်မာရာအူဆက်ဖ်က ဇန်နဝါရီ ၂၉ ရက်တွင် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်း များအရသိရသည်။
ခြင်များပေါက်ဖွားမှုကြောင့် ဇီကာဗိုင်းရပ်(စ်)ပိုးမှာလည်း နိုင်ငံ အတွင်းပျံ့နှံ့လျက်ရှိပြီး မွေးကင်းစကလေးငယ်အများအပြား ကူးစက် ခံရမှုပိုမိုမြင့်တက်လာသည့်အတွက် အစိုးရနှင့် ပြည်သူများ ပူးပေါင်း တိုက်ဖျက်ကြရန်လိုအပ်ကြောင်း ဘရာဇီးသမ္မတ ရာအူဆက်ဖ်က ဆိုသည်။
ဇီကာဗိုင်းရပ်(စ်)ပိုးသည် ယမန်နှစ်မှစပြီး တောင်အမေရိက တစ်ဝန်းလုံးတွင် လျင်မြန်စွာ စတင်ကူးစက်ပျံ့နှံ့ခဲ့သည်။ ယခုအချိန် ထိတိုင် ဗိုင်းရပ်(စ်)ပိုး ကာကွယ်ဆေးမရှိသေးပေ။
ယခုအချိန်တွင် ဘရာဇီးနိုင်ငံတစ်ဝန်းလုံး၌ ဇီကာဗိုင်းရပ်(စ်) ကူးစက်မှုကြောင့် မွေးကင်းစကလေးငယ် ၄ဝဝဝ ခန့်သည် ဦးနှောက် ဖွံ့ဖြိုးမှုမရှိဘဲ ဦးခေါင်းသေးငယ်မှုအန္တရာယ်ကို ရင်ဆိုင်နေရသည်။
ဇန်နဝါရီ ၂၉ ရက်တွင် ဘရာဇီးသမ္မတနှင့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားတို့ ဖုန်းဖြင့် ဇီကာဗိုင်းရပ်(စ်)ပိုးတိုက်ဖျက်မှု ဆောင်ရွက်ချက်များကို တိုင်ပင်ဆွေးနွေးခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များက ဇီကာဗိုင်းရပ်(စ်)ပိုး ကာကွယ်ဆေး အမြန်ဆုံးရရှိရန် အတူတကွ ကြိုးပမ်းကြရန်သဘောတူညီခဲ့ကြသည်။
ဖေဖော်ဝါရီလတွင် ဘရာဇီးနိုင်ငံအတွင်း ဘရင်ဂျီခရစ်ယာန် ဝါဝင်ပွဲများ ကျင်းပမည်ဖြစ်သည်။ သြဂုတ်လတွင် အိုလံပစ်အားကစားပွဲကို ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်သည်။ ထို့ကြောင့် အဆိုပါဗိုင်းရပ်(စ်)ပိုးကူးစက်မှုကို အချိန်မီ တားဆီးဟန့်တား နိုင်ရန်လိုအပ်သည်။
နိုင်ငံတစ်ဝန်းလုံး ခြင်နိုင်ဆေးများပက်ဖျန်းရန် တပ်ဖွဲ့ဝင် ၂ဝဝဝဝဝ ကျော်အား ဖေဖော်ဝါရီလအတွင်း အသီးသီးစေလွှတ်မည် ဖြစ်ကြောင်း ဘရာဇီးအစိုးရက စီစဉ်မှုများ ပြုလုပ်ထားသည်။
ဇီကာဗိုင်းရပ်(စ်)ကူးစက်သူဦးရေ လေးသန်းကျော် ကူးစက်ခံရ မည်ဖြစ်ကြောင်းနှင့် ဘရာဇီးတစ်နိုင်ငံတည်းတွင် ၁ ဒသမ ၅ သန်း ကူးစက်ခံရမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment