Thursday, January 14, 2016

ရန်ကုန်မြို့၌ပြသမည့် ဂျပန်ရုပ်ရှင်ပွဲတော်တွင် ရုပ်ရှင်မပြမီ နှစ်နာရီအတွင်း လက်မှတ်များ အခမဲ့ထုတ်ယူနိုင်


The Mirror Daily's photo.
ရန်ကုန် ဇန်နဝါရီ ၁၃
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ကြီးမှူးကျင်းပသည့် ရန်ကုန်မြို့ရှိ နေပြည်တော်အဆင့်မြင့် ရုပ်ရှင်ရုံတွင် ဇန်နဝါရီ ၁၅ ရက်မှ စတင်ကာ သုံးရက်တိုင်တိုင် ပြသသွားမည့် ဂျပန်ရုပ်ရှင်ပွဲတော်တွင် ရုံဝင်လက်မှတ်များကို ရုပ်ရှင်မပြမီ နှစ်နာရီအတွင်း အခမဲ့ထုတ်ယူနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှသိရသည်။
'' ရုပ်ရှင်ကို ပထမနေ့မှာတစ်ပွဲပဲပြမှာပါ။ နောက်ရက်တွေမှာတော့ တစ်နေ့နှစ်ကားနှုန်း ပြသသွားမှာပါ။ လက်မှတ်တွေကိုတော့ ရုပ်ရှင်ပြပွဲ မတိုင်မီ နှစ်နာရီအလိုမှာ ထုတ်ယူလို့ရပါတယ်။အခမဲ့ပြသမှာပါ။ တစ်ခါတည်းလက်မှတ်ယူ တစ်ခါ တည်းကြည့်ပေါ့။ မန္တလေးမြို့မှာလည်း ဒီဇင်ဘာ ၁၈ ရက်ကနေ ၂ဝ ရက်အထိ ကျင်းပခဲ့ပါတယ်'' ဟု မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဌာနမှတာဝန်ရှိသူ တစ်ဦးကပြောသည်။
ချစ်ခြင်းမေတ္တာကို အခြေခံထားသည့် ဂျပန် မေတ္တာဘွဲ့ရုပ်ရှင်ဇာတ်လမ်းကောင်းများ ကြည့်ရှု လိုသူများအတွက် ဂျပန်နိုင်ငံတွင် ရိုက်ကူးထားသည့် ဆယ်ကျော်သက်တို့၏ ချစ်ခြင်းမေတ္တာကို ပုံဖော်ထားသည့် အင်္ဂလိပ် စာတန်းထိုး ဇာတ်ကား ငါးကားကို တင်ဆက်ပြသသွားမည်ဖြစ်ပြီး ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းတွင် ပြသမည့် ဒါရိုက်တာ Tekehiko Shinjo က ရိုက်ကူးထားသည့် Beyond the Memories ဇာတ်ကားမှာ မိမိအနီး ပတ်ဝန်းကျင်ရှိ လူများသေဆုံးသွားမှုကြောင့် တုန်လှုပ်သွားသော အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် တစ်ဦးကိုတစ်ဦး နှစ်သိမ့်ရင်း အပြန်အလှန် သံယောဇဉ်တွယ်သွားပုံကို စိတ်လှုပ်ရှားဖွယ် ဇာတ်ကွက်များဖြင့် တင်ဆက်ထားသည့်အတွက် မြန်မာပရိသတ်များ အကြိုက်တွေ့စေမည့် ဇာတ်ကားကောင်းတစ်ခုဖြစ်ကြောင်း သိရသည်။
ဂျပန်ရုပ်ရှင်ပွဲတော်အတွင်း နေပြည်တော် ရုပ်ရှင်ရုံ၌ ရုပ်ရှင်ချစ်မြန်မာပရိသတ်အကြိုက် တွေ့စေမည့် ဇာတ်ကားကောင်းများအား ဇန်နဝါရီ ၁၅ ရက် ညနေ ၆နာရီခွဲတွင် Beyond the Memories ဇန်နဝါရီ ၁၆ ရက် ညနေ ၃နာရီခွဲတွင် Jinx!!! နှင့် ညနေ ၆နာရီခွဲတွင် My Pretend Girttriend ၊ ဇန်နဝါရီ ၁၇ ရက် ညနေ ၃နာရီခွဲတွင် Be Sure to Share နှင့် ထိုနေ့ ညနေ ၆ နာရီခွဲ တွင် It All Began When I Met You အစရှိသည့် ရုပ်ရှင်ဇာတ်ကားများ ပြသသွားမည်ဖြစ်သည်။
[သီသီမင်း]

No comments:

Post a Comment