Thursday, January 14, 2016

မန်ယူ ပရီမီယာလိဂ်ချန်ပီယံမဖြစ်နိုင်သေးသော်လည်း ထိပ်ဆုံးလေးသင်းဝင်ရောက်နိုင်မည်ဟု စခိုးလ် ယုံကြည်




The Mirror Daily's photo.


မန်ယူမှာ ယခုနှစ်ဘောလုံးရာသီတွင် ပရီမီယာလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ဦးမည် မဟုတ်သော်လည်း ထိပ်ဆုံးလေးသင်းဖြင့် ရာသီသိမ်းနိုင်လိမ့်မည်ဖြစ်ကြောင်း မန်ယူကစားသမားဟောင်း ပေါလ်စခိုးလ်က သူ၏ ယုံကြည်ချက်ကို ထုတ်ဖော်ပြောကြားလိုက်သည်။ ပရီမီယာလိဂ်ပွဲစဉ်(၂၁)တွင် မန်ယူနှင့် နယူးကာဆယ်တို့ သုံးဂိုးစီသရေရလဒ်သာ ထွက်ပေါ်ခဲ့သော်လည်း စခိုးလ်ကမူ ဗန်ဟားလ်လက်ထက် မန်ယူ၏ တိုက်စစ်ကစားပုံ အသက်ဝင်လာမှုကို ယခုပွဲစဉ်တွင် ပြန်လည်မြင်တွေ့ခဲ့ရသည်ဟု ဆိုခဲ့သည်။

စခိုးလ်က မန်ယူ၏ တိုက်စစ်ကစားပုံတိုးတက်လာသော်လည်း မန်ယူကစားသမားများ အနေဖြင့် ချန်ပီယံဆုကို စိန်ခေါ်နိုင်လောက်အောင် ရင့်ကျက်မှုမရှိသေးကြောင်းလည်း ဆိုခဲ့သည်။ မန်ယူသည် ယင်းပွဲစဉ်တွင် နှစ်ဂိုးပြတ်ဖြင့် ဦးဆောင်နေခဲ့ပြီးမှ ချေပဂိုးများ ပြန်လည်ပေးခဲ့ရကာ ပွဲအပြီးတွင် ရမှတ်တစ်မှတ်သာ ရယူနိုင်ခဲ့သည်။ ပွဲချိန်မိနစ် ၉ဝ တွင် နယူးကာဆယ်ကစားသမား ဒန်မက်က မန်ယူပရိသတ်များအတွက် စိတ်ပျက်စရာဖြစ်ခဲ့သည့် ချေပဂိုးကို သွင်းယူသွားခဲ့ခြင်းဖြစ်သည်။

မန်ယူနည်းပြ ဗန်ဟားလ်ကမူ တစ်ပွဲလုံးခြေစွမ်းကို ခြုံ၍ သုံးသပ်လျှင် မန်ယူအသင်းကသာ အနိုင်ရသင့်ကြောင်း၊ ဗီဒီယိုမှတ်တမ်းခွေကို ပြန်ကြည့်လျှင် မန်ယူအသင်းပေးခဲ့ရသည့် ပင်နယ်တီမှာ မပေးသင့်ဘဲပေးခဲ့ရသည့် ပြစ်ဒဏ်ဖြစ်ကြောင်း၊ ကံမကောင်း၍သရေရလဒ်သာ ရရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။ မန်ယူအသင်းသည် ယင်းပွဲစဉ်၌တိုက်စစ်ကစားပုံကောင်းမွန်ခဲ့ပြီး အနိုင်ရလဒ်နှင့် ထိုက်တန်သော ခြေစွမ်းကို ပြသနိုင်ခဲ့သော်လည်း သရေရလဒ်ကြောင့် ရမှတ် (၃၄)မှတ်ဖြင့် အမှတ်ပေး ဇယား အဆင့်(၆)နေရာတွင်သာ ရပ်တည်နေရဆဲဖြစ်သည်။
မေလဲ့သင်း

No comments:

Post a Comment