ပြည်ထောင်စုလွှတ်တော်အစည်းအဝေး
နေပြည်တော် ဇန်နဝါရီ ၂၉
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၄၁ ရက်မြောက်နေ့ ကို ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပ ရာ လွှတ်တော်သက်တမ်း ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များက အကြံပြုဆွေးနွေးခြင်းကို ဆောင်ရွက်ကြသည်။
အစီအစဉ်အရ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်း ကာလအတွင်း ဆောင်ရွက်ခဲ့မှုများ နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စား လှယ်ရှစ်ဦးက အကြံပြုဆွေးနွေးကြ သည်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဒီမိုကရေစီစနစ် သည် အများသဘောတူတိုင်း မှန် သည်ဟု တထစ်ချယုံကြည်၍ မရပါ ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် ငါးနှစ်တာ သက်တမ်း ကာလအတွင်း ပါတီစွဲ၊ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ဘာသာ စွဲမထားဘဲ နိုင်ငံတော်နှင့် နိုင်ငံသား များ အကျိုးအတွက် အထူးကြိုးပမ်း ဆောင်ရွက်ခဲ့သည်ကို တွေ့ရပါ ကြောင်း၊ လွှတ်တော်အတွင်း အပြိုင် အဆိုင်ဆွေးနွေးငြင်းခုံကြသော်လည်း ဆွေးနွေးမှုပြီးမြောက်ပါက ချစ်ခင် စည်းလုံးမှု မပျက်သည့်အပြင် အမျက် ထားသိုခြင်းမရှိသည်ကို ချီးကျူးပါ ကြောင်း၊ လွှတ်တော်၏တာဝန်ကို ကော်မတီအသီးသီး ဖွဲ့စည်းဆောင် ရွက်ခြင်းသည် အချင်းချင်း အပြန် အလှန်ထိန်းကျောင်းမှုစနစ်ထဲတွင် ပါဝင်ပါကြောင်း၊ ဥပဒေပြုရေးကဏ္ဍတွင် လွှတ်တော်နှစ်ရပ်အပြန်အလှန် ထိန်းကျောင်းမှုရှိသည့် အတွက် သဘောကွဲလွဲမှုများ ရှိသော်လည်း အကောင်းဆုံးအဖြေထွက်ရန် ကြိုး ပမ်းဆောင်ရွက်ခဲ့သည်ကို မှတ်တမ်း တင်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက ဦးနန္ဒ ကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြညိမ်း၊ ဝက်လက်မဲဆန္ဒနယ် မှ သူရဦးအေးမြင့်၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးကျော်ဒင်၊ ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ဒေါ်စန္ဒာမင်းနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ် ဗိုလ်မှူးချုပ် မောင်မောင်တို့က အကြံပြုပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း က လွှတ်တော်လုပ်ငန်းများအပါအဝင် မည်သည့်အဖွဲ့အစည်း၏ လုပ်ငန်း မဆို လုပ်ငန်းအောင်မြင် တိုးတက်စေ ရေးအတွက် လိုက်နာရမည့် သက်ဆိုင် ရာ ဥပဒေ၊ နည်းဥပဒေများ မှန်ကန် ပြည့်စုံအားကောင်းရန်နှင့် အချိန်မီ ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ အကောင်အထည်ဖော်ရမည့်ပုဂ္ဂိုလ် များအနေဖြင့် ဥပဒေ၊ နည်းဥပဒေ များကို လေးစားလိုက်နာရန်နှင့် လုံ့လဝီရိယရှိရန်လည်း လိုအပ်ပါ ကြောင်း၊ ပထမအကြိမ်လွှတ်တော် များအနေဖြင့် လိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေများ မှန်ကန်ပြည့်စုံစေရန် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ များကို ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းခဲ့ ပြီးဖြစ်ပါကြောင်း၊ လွှတ်တော်အသစ် များမှ တိုးတက်ပြောင်းလဲလာသော ခေတ်စနစ်နှင့်လျော်ညီသည့် ဥပဒေ များကို ဆက်လက်ပြဋ္ဌာန်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ပထမ အကြိမ် လွှတ်တော်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ ကြရာတွင် အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ကြသော်လည်း လိုအပ်ချက် နှင့်အားနည်းချက်များရှိနိုင်ပါကြောင်း၊ လွှတ်တော်သက်တမ်းကာလအတွင်း အမှန်နှင့်အမှားသင်ခန်းစာများလည်း ရရှိနိုင်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများ အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာသည်။
(သတင်းစဉ်)
No comments:
Post a Comment