Saturday, January 30, 2016

ဖက်ဒဲရာ အားအနိုင်ယူပြီး လက်ရှိချန်ပီယံ ဂျိုကိုဗစ်ခ်ျ သြစတြေးလျအိုးပင်း ဗိုလ်လုပွဲသို့တက်ရောက်



The Mirror Daily's photo.


ဇန်နဝါရီ၂၈ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ဖက်ဒဲရာနှင့် ဂျိုကိုဗစ်ခ်ျတို့၏ သြစတြေးလျအိုးပင်း အကြိုဗိုလ်လုပွဲ ပွဲစဉ်တွင် ဂျိုကိုဗစ်ခ်ျက ၆-၁၊ ၆-၂၊ ၃-၆၊ ၆-၃ ဖြင့်အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။ ကမ္ဘာ့အဆင့်(၁)ဂျိုကိုဗစ်ခ်ျမှာ ပွဲစလျှင်စချင်း အနီးပေး၊ အဝေးပေး၊ ဗော်လီရိုက်ချက်အမျိုးမျိုးဖြင့် အမှတ်ရအောင်ကစားနိုင်ခဲ့ရာ ပထမပွဲငယ်နှစ်ပွဲမှာပင် အမှတ်ပြတ် အနေအထားဖြင့် ဦးဆောင်နိုင်ခဲ့သည်။ တတိယပွဲငယ်တွင် ဖက်ဒဲရာ က အသာရရှိအောင်ပြန်လည်တုံ့ပြန်နိုင်ခဲ့သော်လည်း စတုတ္ထ ပွဲငယ်အရောက်တွင် ဂျိုကိုဗစ်ခ်ျ၏ သက်လုံကောင်းမွန်မှု၊ နည်းစနစ် ကျွမ်းကျင်မှုနှင့် လျင်မြန်မှုတို့ကြောင့် ဖက်ဒဲရာမှာ ၆-၃ဖြင့် အရှုံးပေး ခဲ့ရသည့်အတွက် သူ၏ (၁၈)ကြိမ်မြောက်ဂရင်းစလင်း ချန်ပီယံ အိပ်မက်ကို စွန့်လွှတ်လိုက်ရပြီဖြစ်သည်။

ဖက်ဒဲရာမှာ သူ၏ အမှတ်သင်္ကေတဖြစ်သော လျှပ်တစ်ပြက် တန်ပြန်ရိုက်ချက်၊ အနီးအဝေးရိုက်ချက်နည်းဗျူဟာအမျိုးမျိုး ပြောင်းလဲကျင့်သုံးကာ ကစားခဲ့သော်လည်း ဂျိုကိုဗစ်ခ်ျမှာ ကမ္ဘာ့ အဆင့်(၁)ကစားသမားဖြစ်သည်နှင့်အညီ အမှားကျူးလွန်မှုမရှိသည့်အတွက် ဖက်ဒဲရာအနေဖြင့် မှန်းချက်နှင့်နှမ်းထွက်မကိုက်ခဲ့သည့်ပွဲဟု ပင်ဆိုရမည်ဖြစ်သည်။ ဖက်ဒဲရာမှာ ၂ဝဝ၁ခုနှစ်ယူအက်စ်အိုးပင်းတွင် အဂ္ဂါစီအားအရေးနိမ့်ခဲ့သည့်ပွဲနောက်ပိုင်း ယခုကဲ့သို့ ပထမပွဲငယ် နှစ်ပွဲတွင် အမှတ်ပြတ်ရှုံးနိမ့်ခဲ့ခြင်းမှာ သူ့အတွက် ပထမဦးဆုံးအကြိမ် ပင်ဖြစ်သည်။

ယင်းသို့ အနိုင်ရခဲ့သဖြင့် ဂျိုကိုဗစ်ခ်ျမှာ ဖက်ဒဲရာနှင့်တွေ့ဆုံခဲ့သည့် (၄၅)ကြိမ်တွင် (၂၃)ကြိမ်အထိအနိုင်ယူနိုင်ခဲ့ပြီဖြစ်သောကြောင့် ထိပ်တိုက်တွေ့ဆုံမှုတွင်အသာရယူနိုင်ခဲ့သည့် မှတ်တမ်းသစ်ကိုပါ ရေးထိုးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ဂျိုကိုဗစ်ခ်ျမှာ ဇန်နဝါရီ ၃၁ ရက်နေ့တွင် အင်ဒီမာရေးနှင့် ရီအားနစ်တို့ပွဲစဉ်မှ အနိုင်ရရှိသူနှင့် တွေ့ဆုံယှဉ်ပြိုင်ကာ လက်ရှိချန်ပီယံဆုကို ကာကွယ်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။
မေလဲ့သင်း - ရေးသားသည်

No comments:

Post a Comment