Wednesday, January 13, 2016

လူကဖန်တီးတဲ့အခက်အခဲကို လူကိုယ်တိုင်မကျော်လွှားနိုင်ဘူးဆိုတာ မရှိပါဘူး အဲဒါကြောင့် အောင်မြင်မှာပါ



အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေး၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာအဖြေရှာရန်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဇန်နဝါရီ ၁၂ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပသည်။ အဆိုပါညီလာခံသို့ တက်ရောက်လာသူများအနက် ငြိမ်းချမ်းရေးညီလာခံနှင့်စပ်လျဉ်း၍ မေးမြန်းဖြစ်ခဲ့သည်များကို ရေးသားတင်ပြလိုက်ရပါသည်-

ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း
(ချင်းအမျိုးသားတပ်ဦး အဓိပတိကောင်စီဝင်)


ဒီငြိမ်းချမ်းရေးညီလာခံကို ဆက်လက်ပြီးဆောင်ရွက်သွားမယ်လို့လည်း ကျွန်တော်တို့မျှော်လင့်ပါတယ်။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ပြောင်းလွယ်ပြင်လွယ်ဖြစ်အောင် လုပ်သင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး ဒီမူဘောင်မရေးဆွဲခင်ကတည်းက သဘောတူထားတာပါ။ အစိုးရသစ် တက်လာရင်လည်း ကိုယ်စားလှယ်အပြောင်းအလဲရှိမယ်။ ဆွေးနွေးပွဲ ပုံသဏ္ဌာန် တွေလည်း လိုအပ်ရင်ပြောင်းမယ်။ UPDJC တို့၊ JMC တို့ ဖွဲ့တဲ့နေရာမှာလည်း လိုအပ်ရင်လိုအပ်သလို ပြောင်းလဲဖို့ အဆင်သင့်ဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားပြည်သူတွေက သီးခြားတပ်မတော် တည်ထောင်ဖို့မဟုတ်ပါဘူး။ ပြည်ထောင်စုတပ်မတော်မှာ ခိုင်မာတဲ့ ပြည်ထောင်စု တပ်မတော်ကို အားပေးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တိုင်းရင်းသား လူမျိုး ပေါင်းစု ဘယ်လိုပူးပေါင်းပါဝင်ပြီး တာဝန်ယူနိုင်မလဲ၊ တာဝန်ခံနိုင်မလဲ ဆိုတာကိုတော့ ဆက်ပြီးဆွေးနွေးရဦးမှာပါ။

တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က လက်ရှိအခက်အခဲနှင့် စပ်လျဉ်း၍''အခက်အခဲဆိုတာ နေရာတိုင်းမှာရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ စေတနာသန့်သန့်နဲ့ ရည်ရွယ်ချက်မှန်ကန်မယ်၊ ငြိမ်းချမ်းရေးကို တကယ်လိုလားမယ်၊ တိုင်းရင်းသားလူမျိုးအားလုံးရဲ့ တန်းတူရည်တူမှုနဲ့ အခွင့်အရေးကို အားပေးမယ်ဆိုရင် ဒီအခက်အခဲတွေကို ကျွန်တော်တို့အားလုံးကျော်လွှားနိုင်မှာပါ။ NCA ကိုပဲ ကြည့်ပါ။ စတင်ရေးဆွဲတုန်းက ခက်ခဲမယ်၊ မဖြစ်နိုင်ဘူးလို့ ပြောကြတယ်။ ခက်လည်းခက်ခဲပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ အချိန်ယူပြီး ရေးဆွဲရပါတယ်။ အခုအောင်မြင်နေပါပြီ။ ကျွန်တော့်အနေနဲ့ အကောင်း မြင်ဘက်ကနေပြီး ကြည့်ပါတယ်။ အောင်မြင်မယ်လို့လည်း မျှော်လင့်ပါတယ်။ အခက်အခဲကတော့ နေရာတိုင်းမှာ ရှိပါတယ်။ ဒါပေမယ့် လူကဖန်တီးတဲ့အခက် အခဲကို လူကိုယ်တိုင်မကျော်လွှားနိုင်တဲ့ အခက်အခဲဆိုတာ မရှိပါဘူး။ အဲဒီ အတွက်ကြောင့် အောင်မြင်မှာပါ။

ဦးခွန်ဥက္ကာ (ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယက)

တိုင်းပြည်ရဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် ငြိမ်းချမ်းရေးကို တည်ဆောက်ရမယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတော့ ငြိမ်းချမ်းရေးအတွက် ကိုင်စွဲထားတဲ့ တပ်မတော်မူ(၆)ချက်ကို ညွှန်းဆိုသွားခဲ့တယ်။ ရေရှည် နိုင်ငံရေး ဆွေးနွေးပွဲအတွက် ငြိမ်းချမ်းရေးညီလာခံပြီးဆုံးတဲ့အထိ ပြည်ထောင်စု စာချုပ်ရတဲ့အထိသွားမယ်ဆိုရင် ADRSSR ဆိုတဲ့ လုပ်ငန်းအကြောင်းကိုတော့ တပ်မတော်က သူတို့ရဲ့ ကိုင်စွဲထားတဲ့ဟာကိုမူတည်ပြီးတော့ ပြောတာရှိပါတယ်။ လုံခြုံရေးအမြင်နဲ့ချဉ်းကပ်မှုတော့မတူကြပါဘူး။ ဒါပေမယ့် လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ဒီမေးခွန်းတွေ ကို ကြည့်ပြီးတော့ ထောက်ပြတာတွေရှိနိုင်တယ်။

သမ္မတကြီးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုလို့ ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းမှာ ထူးခြားတာကတော့ ပင်လုံစိတ်ဓာတ်၊ ပင်လုံနဲ့ကိုက်ညီတဲ့ ၂၁ ရာစုပင်လုံကို ပြန်ဖော်ဖို့သဘောရှိတယ်။ နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်ကို ပြင်တဲ့အခါမှာ အဖွဲ့တစ်ခုတည်းက တစ်ဖက်သတ်ပြင်လို့ မရပါဘူး။ အစိုးရ၊ လွှတ်တော်နဲ့ နိုင်ငံရေးပါတီအားလုံးက ပြင်ဖို့သင့်တယ်ဆိုရင် ပြင်လို့ရတယ်။ မူဘောင်ရေးဆွဲတုန်းက အားလုံးအတူတူရေးတဲ့အတွက် ပြင်တယ်ဆိုတာ အားလုံးပြင်မှ အဆင်ပြေနိုင်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း)

ကျွန်တော်တို့ ဒီပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ အကြောင်းအရာငါးခုဆွေးနွေးသွားဖို့ ရှိပါတယ်။ အဓိက အကြောင်းအရာငါးခုအောက်မှာက အကြောင်းအရာတော်တော်များများရှိပါတယ်။ အစည်းအဝေးကျင်းပမယ့် ရက်ကလည်း ငါးရက်ပဲရှိတာမို့ ဒီငါးရက်ထဲမှာ ကျွန်တော်တို့ညှိနှိုင်းတဲ့အခါ ငါးခုမှာရှိတဲ့ အကြောင်းအရာအကုန်လုံး ဘယ်လိုမှ မဆွေးနွေးနိုင်ပါဘူး။ ဒီလိုမဆွေးနွေးနိုင်လို့ အဓိကကျမယ့် အကြောင်းအရာခေါင်းစဉ်တွေကို ထုတ်ဆွေးနွေးဖို့ ညှိနှိုင်းထားပါတယ်။ နိုင်ငံရေးစနစ်မှာဆိုရင် ဖက်ဒရယ်စနစ်ကို အခြေခံသင့်တဲ့မူများကို ဆွေးနွေးပါမယ်။ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာကိစ္စတွေကို ဆွေးနွေးမှာပါ။ လူမှုရေး ကဏ္ဍမှာဆိုရင် လက်နက်ကိုင်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်သူများ ကိစ္စကို ဆွေးနွေးပါမယ်။ ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေး ကိစ္စတွေကို ဆွေးနွေးမှာပါ။ စီးပွားရေးမှာ အခွန်ကောက်ယူခြင်းနဲ့ အခွန်ခွဲယူ ခြင်းကို ဆွေးနွေးမှာပါ။ လုံခြုံရေးကဏ္ဍမှာဆိုရင် ခေါင်းစဉ်သုံး၊ လေးခုရှိတယ်။ အဲဒီထဲက နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကို အခြေခံသည့်မူများဆိုပြီး ဆွေးနွေးကြမှာပါ။ မြေယာနဲ့ သယံဇာတမူဝါဒချမှတ်မယ့် ကိစ္စမှာတော့ မြေယာကိစ္စတွေ၊ သဘာဝသယံဇာတကိစ္စတွေ၊ သဘာဝဘေးအန္တရာယ်ကိစ္စတွေ အများကြီးရှိပါတယ်။ ဒီအထဲက သယံဇာတစီမံခန့်ခွဲရေးနဲ့ ခွဲဝေခြင်းကိစ္စတွေကို ဆွေးနွေး မှာဖြစ်ပါတယ်။ ဆွေးနွေးမယ့်ရက်ကနည်းတော့ ထိထိမိမိဖြစ်အောင် အကြောင်းအရာငါးခုထဲက ခေါင်းစဉ်ငါးခုဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

ထာဝရငြိမ်းချမ်းရေးကိုတော့ အဓိကနှစ်ပိုင်းရှိပါတယ်။ နှစ်ပေါင်း ၆ဝ လောက်ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းခဲ့လို့ ပဋိပက္ခဖြစ်နေပါတယ်။ ဒါကြောင့် လက်နက်ကိုင်ပဋိပက္ခ လျော့နည်း ချုပ်ငြိမ်းရေးနဲ့ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေးပါပဲ။ NCA လက်မှတ် ရေးထိုးချုပ်ဆိုတဲ့အခါမှာ ပထမအပစ်အခတ်ရပ်စဲမှုရေရှည်တည်တံ့ခိုင်မြဲအောင် လုပ်ရမှာပါ။ လက်ရှိအဖွဲ့တွေ၊ နောက်တိုးလာမယ့်အဖွဲ့တွေ စတဲ့ အဖွဲ့တွေကြားမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ပျောက်သွားအောင်လို့ပါ။ လိုက်နာရမယ့် စည်းကမ်းတွေ၊ ကျင့်ဝတ်တွေ၊ မူဘောင်တွေကို စတင်ဆောင်ရွက်နေပါပြီ။ ဒီနေ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဟာ နိုင်ငံရေးဆွေးနွေးမှုသမိုင်းမှာ အဓိကခြေလှမ်းပါ။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကိုတော့ ပြည်နယ်နဲ့ တိုင်းတွေမှာ ဆက်လက်ဆောင်ရွက်သွားမှာပါ။ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့အကြောင်း အရာတွေကိုတော့ သက်ဆိုင်ရာအစိုးရရယ်၊ နိုင်ငံရေးပါတီတွေရယ်၊ လူထုလူတန်းစားအဖွဲ့အစည်းအသီးသီးကနေ ဦးဆောင်ဆွေးနွေးမယ်။ လမ်းညွှန်ကြီးကြပ်ပြီး ဆောင်ရွက်မယ်။ ပြီးတော့ တစ်ဖက်က နိုင်ငံရေးဆွေးနွေးမယ်။ တစ်ဖက်က အပစ်အခတ်ရပ်စဲရေးဆွေးနွေးမယ်။ နိုင်ငံရေးတိုးတက်တာနဲ့အမျှ စစ်ရေးပိုင်းမှာ တိုးတက်လာမယ်။ ပြီးရင် စည်းလုံးညှိနှိုင်းတိုင်ပင်ပြီး ထာဝရ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ရောက်အောင်သွားမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီစနစ်ခေါင်းစဉ်အောက်မှာ ဘယ်လို အကြောင်းအရာတွေပါလဲဆိုရင် ဒီမိုကရေစီရော၊ ဖက်ဒရယ်ရောဟာ အများကြီးကျယ်ပြန့်တယ်။ တချို့နိုင်ငံတွေမှာ ဒီမိုကရေစီသွားပြီး ဖက်ဒရယ်မရှိဘူး။ တချို့နိုင်ငံတွေမှာ ဖက်ဒရယ်စနစ်ကျင့်သုံးပြီး ဒီမိုကရေစီမရှိဘူး။ ကျွန်တော် တို့နိုင်ငံမှာတော့ ဒီမိုကရေစီရော ဖက်ဒရယ်ရော နှစ်ခုလုံးဟန်ချက်ညီအောင် သွားမှာပါ။ ဦးတည်ချက်ကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ဖို့ ဦးတည်မှာပါ။

ဒေါက်တာ ရွှေခါး (ချင်းအမျိုးသားတပ်ဦး တွဲဖက်အတွင်းရေးမှူးချုပ်၊ ပြည်ထောင်စုအဆင့် အတွင်းရေးမှူး-၁)

နိုင်ငံတစ်ခုမှာ လက်နက်ကိုင်ဆိုတာ နာမည်အမျိုးမျိုးရှိတယ်။ တိုင်းပြည်ရဲ့ အကျိုးစီးပွားနဲ့ကာကွယ်ဖို့အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းတာလည်း ရှိတယ်။ တိုင်းပြည်ကာကွယ်ရေးအတွက် အကျိုးစီးပွားတွေ လုပ်ကြမယ်ဆိုရင် လက်နက်ကိုင်တွေ ဘယ်လိုနာမည်အမျိုးမျိုးရှိပေမယ့် အားလုံးဟာ တကယ်ပဲ တိုင်းပြည်အတွက် ဖြစ်လာနိုင်ပါတယ်။ စုစည်းမှုတစ်ခုတည်းအောက်မှာ ရှိမယ်ဆိုရင်ပေါ့။

အခုဆွေးနွေးမယ့် ငါးရက်ကနေ ထွက်ပေါ်လာမယ့် ရလဒ်နှင့် စပ်လျဉ်း၍ ကျွန်တော်တို့ ဆွေးနွေးမယ့်ကဏ္ဍကို ကြည့်လိုက်ရင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနဲ့ မြေယာသယံဇာတကိစ္စတွေမှာ အရင်တုန်းက မပြောရဲတဲ့ ကိစ္စတွေပါ။ နိုင်ငံရေးနဲ့ ပတ်သက်ရင် အားလုံးပါဝင်တဲ့ စားပွဲဝိုင်းဆွေးနွေးတဲ့ကိစ္စဖြစ်လာတော့မယ်။ ဖက်ဒရယ်ဆိုရင် တစ်ဖက်နဲ့တစ်ဖက် ဘယ်လိုအမြင် ရှိကြမလဲ။ ဖက်ဒရယ်ကလည်း အမျိုးမျိုးရှိတယ်။ ကျွန်တော်တို့တည်ဆောက်ချင်တဲ့ ဖက်ဒရယ်ဟာ ကျွန်တော်တို့နိုင်ငံနဲ့ ကိုက်ညီပြီး လိုက်လျောညီထွေ ဖြစ်မယ့် အကြောင်းအရာတွေကို ဆွေးနွေးကြတော့မယ်။ နိုင်ငံရေးဆွေးနွေးပွဲ လုပ်တဲ့အချိန်မှာ ဖောင်ဒေးရှင်းအနေနဲ့ ဆက်ဆွေးနွေးမှာဆိုတော့ ပိုပြီးကောင်း သွားမှာပါ။ လူတွေက စကားလုံးတွေနဲ့သာ ပြောခဲ့ကြပေမယ့် ပုံဖော်ချင်တဲ့ အရာက ဒီနေ့မှစတာလည်းဖြစ်ပါတယ်။

စိုင်းကျော်ညွန့်
(ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုအဆင့်အတွင်းရေးမှူး)


အကြောင်းအရာငါးခုကို အစုအဖွဲ့ခုနစ်ဖွဲ့က ပုဂ္ဂိုလ်တွေက သက်ဆိုင်ရာ အခန်းတွေကိုဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးမယ့်သူက နိုင်ငံရေးဆွေးနွေးမယ့်အခန်းမှာ သီးခြားဆွေးနွေးမှာဖြစ်ပါတယ်။ နောက်ဆုံးရက်မှာတော့ ဆွေးနွေးလို့ရတဲ့ ဆွေးနွေးချက်တွေ၊ အကြံပြုချက်တွေကို မှတ်တမ်းတင်ပြန်လည်ဖတ်ကြားပြီး ညီလာခံကို ပြန်လည်အဆုံးသတ်မှာ ဖြစ်ပါတယ်။ သဘောသဘာဝမတူသော၊ အမြင်မတူသောဆွေးနွေးချက်အားလုံးကို တူတာတွေစုပြီး မတူကွဲပြားတဲ့အချက်တွေကို အနှစ်ချုပ်ဆွေးနွေးချက်များ အဖြစ်ဖတ်ကြားပြီး ညီလာခံကိုငါးရက်မြောက်နေ့မှာ ပိတ်သိမ်းမှာ ဖြစ်ပါတယ်။
ဒါ့အပြင် NCA ရဲ့ဆွေးနွေးချက်တွေကို တိုင်းရင်းသားလက်နက်ကိုင် အားလုံးလက်ခံထားပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် လက်မှတ်ထိုးပြီးသားနဲ့ လက်မှတ်မထိုးရသေးတာပဲရှိပါတယ်။ သူတို့အဆင်သင့်မဖြစ်သေးလို့ မထိုး သေးတာပါ။ ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ပြောကြား ချက်အရ သူတို့အဆင်သင့်ဖြစ်တဲ့အချိန်မှာ ထိုးမယ်လို့ ယုံကြည်ပါတယ်။

ဦးညိုအုန်းမြင့် (မြန်မာငြိမ်းချမ်းရေးဗဟိုဌာန၊ ငြိမ်းချမ်းရေးဆွေးနွေးမှုဌာန တွဲဖက်ညွှန်ကြားရေးမှူး)

ကျွန်တော်တို့တိုင်းပြည်ဘယ်လိုရှေ့ဆက်သွားမယ်ဆိုတာ အချက်ငါးချက် ကို ကိုယ်စားလှယ်တွေစုံညီတဲ့အခါမှာ အတည်ပြုရမှာဖြစ်ပါတယ်။ အခု ညီလာခံမှာ အစုအဖွဲ့ပေါင်း ငါးစုတက်ကြပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေရော ပြည်ထောင်စုထဲမှာရှိတဲ့သူတွေအားလုံးက ညီလာခံတက်ရောက်ပြီး ဆောင်ရွက်တဲ့အခါမှာလည်း NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ခြောက်ဖွဲ့ကျန်ပါသေးတယ်။ ဒီညီလာခံက အစဆိုပြီးတော့ လိုင်းတားလိုက်တာမဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ တံခါး ဖွင့်လိုက်တာပဲဖြစ်တယ်လို့ပြောချင်ပါတယ်။

လက်မှတ်မထိုးရသေးဘဲ တက်ရောက်လာတဲ့ အဖွဲ့တွေကတော့ နာဂနဲ့ SSPP ရှမ်းအဖွဲ့ဖြစ်ပါတယ်။ ကျန်တဲ့အဖွဲ့တွေကတော့ အဆင်သင့်မဖြစ်သေး ဘူးဆိုပြီး အကြောင်းပြန်ပါတယ်။ ကေအိုင်အိုနဲ့ မွန်ပြည်သစ်လိုအဖွဲ့မျိုးတွေပါ။ အခု ၁၂ ရက်ကနေ ၁၆ရက်အထိ ကျင်းပမယ့် ညီလာခံမှာတော့ မတက်ဖြစ်တော့ ဘူးဆိုတာ စာနဲ့တရားဝင်အကြောင်းပြန်ထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အားလုံး ပါဝင်လာရေးနှင့်ပတ်သက်ပြီး ကျွန်တော်တို့ ဘက်ပေါင်းစုံ စဉ်းစားရတာဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ကို ဘယ်သူပဲထိုးချင်ထိုးချင် သက်သေရှိဖို့ လိုပါတယ်။ ANC, WNO, LDU စတဲ့ အဖွဲ့သုံးဖွဲ့ကို ညီလာခံတက်ရောက်ဖို့ သမ္မတကြီးက အာမခံခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီဘက်မှာအဖွဲ့အစည်းတွေက လက်မှတ်ထိုးတဲ့ အခါမှာ လက်မှတ်မထိုးရတဲ့အတွက် သူတို့မတက်ပါဘူးလို့ပြောတဲ့အခါမှာလည်း ဝိဝါဒကွဲပြားတာထက်စာရင် တပ်မတော်ဘက်ကကြည့်တာက လက်နက်ကိုင်ပဋိပက္ခထဲမှာမပါတဲ့အဖွဲ့တွေကို အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုး ဖို့ဆိုတာ အခက်အခဲရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အားလုံး ပါဝင်နိုင်တယ်ဆိုတဲ့နေရာမှာ ဘယ်လိုပုံစံနဲ့ရှေ့ဆက်ဆောင်ရွက်မလဲဆိုတာ ကျွန်တော်တို့ဆက်ပြီးတော့ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးကို ဆက်ပြီးတော့သယ်ဆောင်သွားမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီငြိမ်းချမ်းရေးဆိုတာက အုတ်မြစ်ဖြစ်ပါတယ်။ ဒီအပေါ်မှာဆွေးနွေးမှု ပုံစံပြောင်းနိုင်ပါတယ်။ ငြိမ်းချမ်းရေးရဲ့အနှစ်သာရကိုတော့ နောင်တက် လာမယ့်အစိုးရသစ်အနေနဲ့ ဆက်လက်ပြီးတော့ဖော်ဆောင်သွားမယ်လို့ ယုံကြည်ပါတယ်။

အမေး၊ အရေးနှင့် ဓာတ်ပုံ - နိုင်လင်းကြည်၊ မေသင်္ကြန်၊ အေးအေးမြင့်

No comments:

Post a Comment