Sunday, January 31, 2016

ဂီဂီနဲ့ သူငယ်ချင်းကောင်းတွေပါပဲလို့ ဆိုလာတဲ့ ဇေမာလိခ်


The Mirror Daily's photo.
မကြာသေးမီက ဗြိတိန်ပေါ့ပ်တေးဂီတအဖွဲ့ ''One Direction''ကနေ နုတ်ထွက်သွားခဲ့တဲ့ ဇေမာလိခ်ဟာ သူ့ရဲ့စေ့စပ်ထားတဲ့ချစ်သူ ''Little Mix''တေးဂီတအဖွဲ့ဝင် ပါရီအက်ဒ်ဝပ်စ်နဲ့ လမ်းခွဲပြီးတဲ့နောက် ဟောလိဝုဒ်ရဲ့ ထိပ်တန်းမော်ဒယ်လ်တစ်ဦးဖြစ်သူ ဂီဂီဟာဒစ်ဒ်နဲ့ တွဲသွားတွဲလာလုပ်ခဲ့ပါတယ်။ ဟောလိဝုဒ်အသိုင်းအဝိုင်းကလည်း သူတို့နှစ်ဦးကို ချစ်သူတွေဖြစ်နေကြပြီလို့ လက်ခံထားခဲ့ပါတယ်။ ဒါပေမယ့် ဇေက သူနဲ့ ဂီဂီတို့ဟာ အလွန်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ အေ့စ်ရှိုးဘစ်ဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။
ဇန်နဝါရီ ၂၈ရက်မှာ အက်ပဲလ်တေးဂီတနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး မှာတော့ အသက် (၂၃)နှစ်အရွယ် အဆိုတော်ဇေက သူနဲ့ အသက်(၂ဝ)ရှိပြီဖြစ်တဲ့ ဂီဂီတို့ကြားက ဆက်ဆံရေးဟာ သူငယ်ချင်းကောင်းဆိုတဲ့အတိုင်းအတာထက် မပိုကြောင်း ဖွင့်ဟခဲ့တာပါ။
သူတို့နှစ်ဦးကို ဂီဂီရဲ့ချစ်သူဟောင်း အဆိုတော် ဂျိုဂျိုးနက်နဲ့ ဂီဂီတို့ လမ်းခွဲခဲ့ပြီး သီတင်းပတ်သုံးပတ်ခန့်အကြာမှာ ဟောလိဝုဒ်ရဲ့ လမ်းမပေါ်မှာ အတူလက်တွဲပြီး တွေ့ခဲ့ရပါတယ်။ အဲဒီအချိန်ကစလို့ သူတို့နှစ်ဦးရဲ့ ဆက်ဆံ ရေးကို မီဒီယာတွေက အမြဲအကဲခတ်စောင့်ကြည့်ခဲ့ကြပါတယ်။ အဲဒီနောက် သူတို့နှစ်ဦးကို ဟောလိဝုဒ်ရဲ့ လမ်းတွေပေါ်မှာ အကြိမ်ကြိမ်တွေ့မြင်ခဲ့ရပါတယ်။ ဝက်စ်ဟောလိဝုဒ်မှာလည်း အတူချိန်းဆိုတွေ့ဆုံကာ ညစာစားပြီး လက်ချင်းတွဲလို့ ဓာတ်ပုံတွေတောင်အရိုက်ခံခဲ့ပါသေးတယ်။ သူတို့နဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေ ကတော့ သူတို့နှစ်ဦးချစ်သူတွေဖြစ်နေကြပြီလို့ ပြောဆိုခဲ့တာတွေရှိတဲ့အတွက် ဒေသခံမီဒီယာတွေက သူတို့ကို ချစ်သူတွေအဖြစ် ပြောဆိုရေးသားခဲ့ကြပါတယ်။
ဒါပေမယ့် ကာယကံရှင်နှစ်ဦးက သူတို့နှစ်ဦးကြားကဆက်ဆံရေးကို တရားဝင်ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိခဲ့ပါဘူး။ ယခုတစ်ကြိမ် ဇေကိုယ်တိုင်ရင်ဖွင့် ခဲ့တာဟာ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးနဲ့ပတ်သက်လို့ ပထမဦးဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခြင်းပဲ ဖြစ်ပါတယ်။
အေးပြည့် - စုစည်းရေးသားသည်

No comments:

Post a Comment